Posted on

Facebook သုံးစွဲသူလေးမျိုးရှိတဲ့အနက် သင်ကဘယ်အမျိုးအစားမှာ ပါနေလဲ

Facebook ဆိုတာဟာ အကြီးမားဆုံးနဲ့ အကျော်ကြားဆုံး လူမှုကွန်ရက်တစ်ခုဆိုတာကတော့ ငြင်းလို့မရပါဘူး။ နှစ်မီလျံလောက်ရှိတဲ့သုံးစွဲသူတွေဟာ သူတို့ရဲ့ခံစားချက်တွေကို ဖော်ပြဖို့၊ ကြေညာချက်တွေလုပ်ဖို့၊ အခြားသူတွေကို ပညာပေးဖို့၊ လူတွေနဲ့ ချိတ်ဆက်ဖို့၊ ဒါမှမဟုတ် ပျော်ချင်လို့ အသုံးပြုနေကြပါတယ်။ Facebook လူမှုအသိုင်းအ၀ိုင်းမှာ အရောင်စုံတဲ့လူတွေကို တွေ့မြင်နိုင်ပါတယ်။ သုံးစွဲသူအမျိုးမျိုးကို မရေတွက်နိုင်အောင် တွေ့မြင်နေရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သေချာခွဲခြားလိုက်ရင်တော့ လေးမျိုးပဲ ကျန်ပါတော့တယ်။

Brigham Young University (BYU) ရဲ့ လူတွေ FB ကို ဘာလို့ကြိုက်သလဲဆိုတဲ့ လေ့လာချက်အရ သုံးစွဲသူအမျိုးအစား လေးမျိုးထွက်လာပါတယ်။ လေ့လာမှုအတွက် လေ့လာတဲ့အဖွဲ့ဟာ ရေးသားချက်၄၈ခုလောက်ကို ရခဲ့ပါတယ်။ အဲဒီအထဲကမှ ကိုယ်နဲ့တိုက်ဆိုင်မှုအများဆုံး ရှိတဲ့အချက်ကနေ အနည်းဆုံးအထိ အဆင့်ဆင့်ရွေးချယ်ပေးရတာ ဖြစ်ပါတယ်။

လေ့လာသူတစ်ယောက်ဖြစ်တဲ့ Kris Boyle ဟာ အခုလို ပြောပါတယ်။

“လူမှုကွန်ရက်ဟာ အတော်လေးခေတ်စားသလို စွဲလမ်းနေတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ လူအများစုကတော့ ဘာလို့သုံးနေသလဲဆိုတာ မစဉ်းစားကြပါူဘး။ ဒါပေမယ့် အနည်းဆုံးတော့ သူတို့ရဲ့အလေ့အကျင့်တွေကို သိလာတဲ့အခါမှာ သတိလေးတော့ ထားမိသွားကြပါတယ်။”

ဆယ်လ်ဖီ
Facebook ပေါ်မှာ ဆယ်လ်ဖီတင်တဲ့သူတွေကတော့ ကိုယ့်ကိုကိုယ်ကြေညာခြင်းတစ်မျိုး ဖြစ်ပါတယ်။ သူတို့ဟာ ဓါတ်ပုံ၊ ဗွီဒီယိုတွေနဲ့ status တွေ တင်ပြီးတော့ အာရုံစိုက်လာအောင် ၊ like ၊ comment ရအောင် လုပ်ဆောင်ကြပါတယ်။ လေ့လာချက်တွေအရ “like များများရလေလေ အပေါင်းအပါတွေက ကိုယ့်ကို အသိအမှတ်ပြုလေလေလို့ ခံစားရတယ်” ဆိုတာ သိရပါတယ်။

ဆက်ဆံရေးတည်ဆောက်သူ
ဒီလိုလူတွေကတော့ Facebook ကို မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းတွေလို သူတို့တကယ်သိတဲ့သူတွေနဲ့ အဆက်အသွယ်ပြတ်တောက်မသွားအောင် လုပ်ဆောင်ကြဖို့ အသုံးပြုပါတယ်။ လူမှုကွန်ရက်ဟာ ဆက်ဆံရေးကို ခိုင်မြဲအောင်လည်း အသုံးပြုလို့ရပါတယ်။ လေ့လာချက်အရ “Facebook ဟာ မိသားစုတွေကို ချစ်ကြောင်း၊ မိသားစုတွေက ကိုယ့်ကိုချစ်ကြောင်း ဖော်ပြနိုင်စေတယ်” လို့ သိရပါတယ်။

နိဗ္ဗန်ဆော်
ဒီလူတွေကတော့ လက်တွေ့နဲ့ အတုအယောင်ကမ္ဘာကြီးရဲ့ကြားက ခြားနားချက်တွေ များစွာရှိတဲ့သူတွေပါ။ သူတို့ဟာ ကိုယ်ရေးအချက်အလက်တွေကို မျှဝေခြင်းထက် အသုံးဝင်မယ့် အချက်အလက်တွေကို ပိုစိတ်ဝင်စားကြပါတယ်။ သူတို့ဟာ သတင်းအသစ်တွေနဲ့၊ ပွဲအခမ်းအနားတွေအကြောင်းကို ပြန် share တတ်ကြသလို၊ သူတို့ရဲ့ပတ်ဝန်းကျင်ကို ကောင်းမွန်အောင် လုပ်ဆောင်ပေးချင်တဲ့သူတွေ ဖြစ်ကြပါတယ်။

ခိုးကြောင်ခိုးဝှက်ကြည့်သူ

နိဗ္ဗန်ဆော်လိုမျိုးပါပဲ။ သူတို့တွေကလည်း Facebook ပေါ်ကနေ တာဝန်ယူချင်ကြပါတယ်။ အခြားသူတစ်ယောက် ဘာလုပ်ဆောင်နေသလဲဆိုတာကို စောင့်ကြည့်တဲ့သူတွေပါ။ လေ့လာချက်တွေအရ “ကြိတ် crush တွေနဲ့ တစ်ယောက်ယောက်ရဲ့ profile လေးကို ခိုးကြည့်ရဖို့၊ သူရဲ့ interests နဲ့ relationship status တွေကို ခိုးကြည့်ဖို့ အသုံးပြုတာပါ” လို့ သိရပါတယ်။

သင်က ဘယ်ထဲမှာ ပါနေသလဲ။ တချို့လူတွေဆို တစ်မျိုးထဲ ဖြစ်ချင်မှဖြစ်မှာပါ။

Posted on

အိုင်ဖုန်း ဘက်ထရီတွေကို ခြွင်းချက်နဲ့ သာ လဲပေးမည် ဟု Apple ဆို

စမ်းသပ်မှုအောင်မြင်သော iPhone များကို ဘတ်ထရီပြန်လဲလှယ်ပေးမည် လို့ ဆိုလိုက်တဲ့အတွက် ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်တော့ သုံးစွဲသူတွေပျော်နေတာကို ရပ်တံ့လိုက်သလိုပါပဲ။

Apple ဟာ iPhone အဟောင်းတွေရဲ့နှေးကွေးရခြင်းရဲ့ အကြောင်းရင်းဟာ ဘတ်ထရီသက်တမ်းလွန်နေခြင်းကြောင့်လို့ ကြေညာအပြီးနောက်မှာတော့ တချို့လူတွေက စိတ်ပျက်သွားပါတယ်။

ဒါပေမယ့် Apple ဟာ ဘတ်ထရီလဲလှယ်မှုကို ၂၉ဒေါ်လာနဲ့ လုပ်ဆောင်ပေးမယ်လို့ ကြေညာလိုက်တဲ့အခါမှာတော့ တချို့လူတွေဟာ သူတို့ဟာ စမ်းသပ်မှုကို အောင်မြင်ပါ့မလားဆိုပြီးတော့ စိတ်ပူသွားကြပါတယ်။ ဈေးနှုန်းဟာ ယူကေမှာတစ်မျိုး၊ သြစတေးလျမှာတစ်မျိုး ဒေါ်လာဈေးကိုလိုက်ပြီးတော့ ကွာခြားနိုင်ပါတယ်။

Apple ဟာ iPhone 6 နဲ့ အရင်ကဖုန်းတွေကို ဘတ်ထရီလဲလှယ်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါပေမယ့် အဲဒီလိုလဲလှယ်ပေးမယ်ဆိုတဲ့အနေအထားကလည်း ဘတ်ထရီတွေကို သူတို့ရဲ့ ပေါ်လစီနဲ့ တိုက်စစ်ဦးမှာ ဖြစ်ပါတယ်။ စွမ်းအင်ဘယ်လောက်များ သိုလှောင်ထားသလဲဆိုတာ ကြည့်ဦးမှာပါ။ ၈၀% ထက် နည်းတယ်ဆိုတော့မှ လဲပေးမှာ ဖြစ်ပါတယ်။

ဒီတော့ Apple ဆီကနေ ဘတ်ထရီလဲလှယ်ပေးမှုကို ရရှိဖို့အတွက် စမ်းသပ်မှုရလဒ်ကို စောင့်ဆိုင်းပေးရမှာ ဖြစ်ပါတယ်။ iGeneration ရဲ့ တင်ပြမှုကို MacRumors က ထောက်ခံခဲ့တာက ဘတ်ထရီစမ်းသပ်ချက်ကို ဂုဏ်ထူးနဲ့အောင်မြင်မှ လဲလှယ်ပေးမှာ ဖြစ်ပါတယ်။

Apple ကို ဒီအကြောင်းနဲ့ပတ်သတ်လို့ မေးမြန်းခဲ့ပေမယ့်လည်း တစ်စုံတစ်ရာ မပြောခဲ့ပါဘူး။

ဒါပေမယ့် Apple Store တစ်ခုမှာတော့ စောင့်စရာမလိုပါဘူး။ CNET က Oliver Padilla ဟာ မနေ့က ဘတ်ထရီစမ်းသပ်မှုကို သွားရောက်လုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့စမ်းသပ်ချက်ကတော့ အစိမ်းရောင် ရလဒ်ဖြစ်တယ်လို့ သိရပြီး လဲပေးလိုက်ပါတယ်။ ဘာကြောင်းနှေးတာလဲ၊ ဘယ်လိုမျိုး လုပ်ဆောင်ရမလဲဆိုတာကို ရေးသားထားတဲ့ ဆောင်းပါးတွေ ရှိပါတယ်။ ရှာပြီးတော့ ဖတ်ရှုနိုင်ပါတယ်။

Posted on

HUAWEI nova 2i ရဲ့ Camera အား အသေးစိတ် လေ့လာကြည့်ခြင်း

Camera (၄)လုံးနှင့် ပွဲထွက်လာတဲ့ HUAWEI nova 2i ရဲ့ Camera စွမ်းဆောင်ရည်က အထူးကောင်းမွန်တာ တွေ့ရှိရပါတယ်။ Camera ​လေးလုံးလို့​ပြောရခြင်းက ​ရှေ့နှစ်​လုံး ​နောက်​နှစ်​လုံး အသုံးပြုထားတဲ့အတွက်​ ပဲဖြစ်​ပါတယ်​…ပုံရိပ်​ကို 3D ပုံရိပ်​ကို တွေ့မြင်နေရသလို ခံစားရအောင် ဖန်တီးနိုင်ဖို့အတွက် အသုံးပြုထားခြင်းဖြစ်​ပါတယ်​။ ကင်​မရာရဲ့ မှန်​ကိုလဲ ခြစ်​ရာပွန်းရာ ခံနိုင်​​အောင်​ကာကွယ်​​ပေးထားတဲ့အတွက်​ပုံရိပ်​ဝါးခြင်းများကိုလဲ ​ရှောင်​ရှားနိုင်​မှာ​သေချာပါတယ်​။ ပထမဦးဆုံးအနေနဲ့ Aperture Mode ကို စတင်ရှင်းပြပေးပါမယ်။ Aperture Mode ကလည်း အထူးကောင်းမွန်တည်ငြိမ်တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ၎င်းရဲ့ လှည့်ကွက် အကောင်းစားများက ပုံရိပ်ကိုအကောင်းဆုံး ရိုက်ကူးနိုင်ပါတယ်။ ဖော်ပြပါ ပုံကို လေ့လာကြည့်ပါ။ Pro တစ်ယောက်လို ရိုက်ကူးနိုင်တဲ့အတွက် သင့်ရဲ့ ဖန်တီးမှုအတိုင်း ပုံရိပ်ကပေါ်လွင်စေမှာသေချာပါတယ်။

HUAWEI nova 2i ရဲ့ ဖွဲ့စည်းပုံ ကျစ်လျစ်မှုနှင့်အတူ Camera ရိုက်ကူးရာမှာလည်း လွယ်ကူစေမှာ သေချာပါတယ်။ Camera ရဲ့ မှန်ကိုလည်း မပွန်းနိုင်အောင် အထူးပြုလုပ်ထားတဲ့အတွက် ပုံရိပ်များကို

ဝေဝါးခြင်းမဖြစ်စေပါဘူး။ Camera ရဲ့ မှန်ကိုလည်း မပွန်းနိုင်အောင် အထူးပြုလုပ်ထားတဲ့အတွက် ပုံရိပ်များကို ကြည်လင်စေမှာပါ။ 16 MP ရှိတဲ့ Camera က ရုပ်ထွက်ကြည်လင်ပြတ်သားမှုရှိပြီး အသံပိုင်းနှင့် ပေါင်းစပ်လိုက်တဲ့အတွက် ပြီးပြည့်စုံတဲ့ ဗီဒီယိုတစ်ခု ရရှိနိုင်ပါတယ်။ သင်ရဲ့ ရွေ့လျားနေတဲ့ ပုံရိပ် များကို အသံပါ ဝါကောင်းကောင်း ရုပ်ထွက်ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်မှာသေချာပါတယ်။

ပုံရိပ်များကို အလင်းမှောင်နေချိန်မှာ Flash Light က ကူညီပေးနိုင်ပြီး အလင်းအမှောင်ကို  Auto ချိန်ညှိပေးနိုင်တဲ့အတွက် သင့်ကို အလုပ်မရှုပ်စေတော့ပါဘူး။ သင်အမှောင်ထဲ ရုတ်တရက်ရောက်သွားရင် တောင် ပုံရိပ်များ မပျက်ရိုက် ကူးနိုင်ပါသေးတယ်။          HUAWEI nova 2i ရဲ့ ကင်မရာ စွမ်းအားက အံ့မခန်းပါ ပဲ။

HUAWEI nova 2i လို့ခေါ်တဲ့ Huawei ရဲ့ Model အသစ် ကို “Shooting Star” လို့တောင် သတ်မှတ်ရမလို ဖြစ်နေပါတယ်။  Camera ရဲ့ Performance ၊ Battery တာရှည်ခံမှုတွေက သင်ရွေးချယ်ရမဲ့အချက်တွေဖြစ်ပါတယ်။ Portrait Mode၊  Fun Mode၊  Moving Picture၊  Bokeh effect တွေကအကြိုက်တွေ့စေမှာ သေချာပါတယ်။

 

HUAWEI nova 2i ရဲ့ Camera က လှုပ်ရှားမှုတိုင်းကို မလွတ်တမ်းရိုက်ကူးနိုင်မှာ သေချာပါ တယ်။ အံ့သြစရာကောင်းလှတဲ့ ကင်မရာ (၄)လုံးနှင့်အတူ ပွဲထွက်လာတဲ့ HUAWEI nova 2i က သင့်ရဲ့ မိသားစု၊ သူငယ်ချင်း၊ အပေါင်းအသင်းများနှင့် အမှတ်တရများကို လွယ်လွယ်ကူကူနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Posted on

ဖုန်းဆက်၊ မက်ဆေ့ခ်ျပို့နိုင်မယ့် ကမ္ဘာ့အသေးငယ်ဆုံးသော စမတ်ဖုန်း

အဲဒီဖုန်းသေးသေးလေးက ဖုန်းခေါ်ဆိုခြင်း၊ မက်ဆေ့ခ်ျပေးပို့လက်ခံခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ စမတ်ဖုန်းရဲ့ အရွယ်အစားက သေးငယ်သွားလေလေပိုကောင်းလေလေပဲ ဖြစ်ပါတယ်။ စမတ်ဖုန်းတွေရဲ့ အဆင့်မြင့်လာမှုနဲ့အတူ ဆန့်ကျင်ဘက်ကတော့ လူတွေဟာ ပိုကြီးတဲ့ဖုန်း၊ မျက်နှာပြင်ကျယ်တဲ့ဖုန်းတွေကို ရှာလာကြပါတယ်။

ဒါပေမယ့် ကုမ္ပဏီတစ်ခုကတော့ စမတ်ဖုန်းတွေလွှမ်းမိုးထားတဲ့ ကမ္ဘာကြီးမှာ ဖုန်းအသေးတစ်လုံးကလည်း အလုပ်လုပ်နိုင်သေးသလို အသုံးဝင်နိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ဒီဖုန်းအသေးလေးဟာ သာမန်ဖုန်းတစ်လုံးမဟုတ်ပါဘူး။ flash drive ထက်တောင် သေးငယ်တဲ့ ကမ္ဘာ့အသေးဆုံး ဖုန်းတစ်လုံး ဖြစ်ပါတယ်။

 

ကမ္ဘာ့အသေးငယ်ဆုံးဖုန်းဖြစ်တဲ့ Zanco tiny t1 ကို မိတ်ဆက်ခြင်း

 

မိုဘိုင်းလ်ဖုန်းတစ်လုံး လုပ်ဆောင်နိုင်တဲ့ အခြေခံလုပ်ဆောင်ချက်တွေအားလုံး လုပ်ဆောင်နိုင်ပါတယ်။

USB flash drive ထက် သေးငယ်ပြီးတော့ လက်ဆောင်ပေးမယ်ဆိုရင်လည်း ချစ်စရာကောင်းပါတယ်။

 

Zanco tiny t1 နဲ့ အကြွေစေ့ကို နှိုင်းယှဉ်ပြထားပုံ

ဖုန်းလေးက ဘယ်လောက်တောင် သေးငယ်သလဲဆိုတော့အတိုင်းအတာတွေကို သိချင်နေမှာပေါ့။ ဒီဖုန်းလေးကနေ ရနိုင်တဲ့ feature တွေက

ဒီဖုန်းလေးရှိတယ်ဆိုတာ တကယ်ယုံလား

၂၀၁၈ အတွက် ရှိသင့်တဲ့အရာတစ်ခုပါ

Zanco tiny t1 ဟာ သူ့ရဲ့alphanumerical ကီးဘုတ်လေးနဲ့ ဖုန်းနံပါတ် ၃၀၀ လောက်အထိ မှတ်သားထားနိုင်ပါတယ်။ ဘတ်ထရီကတော့ 200mAh ဖြစ်ပြီးတော့ display ကလည်း သေးပါတယ်။ ဒါကြောင့် ဘတ်ထရီမစားပါဘူး။ ဒီအတိုင်းထားမယ်ဆိုရင် သုံးရက်လောက် ခံပါတယ်လို့ ဆိုပါတယ်။

စကားပြောမယ်၊ မက်ဆေ့ခ်ျပို့မယ်ဆိုတဲ့ လုပ်ဆောင်ချက်ကို အပြည့်အ၀လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း Zanco က ပြောပြပါတယ်။ ဒီဖုန်းလေးနဲ့ စကားပြောမယ်ဆိုရင်တော့ ၁၈၀ မိနစ်အထိ အသုံးပြုနိုင်မှာဖြစ်ပြီး nano-SIM card နဲ့ 2G network ပါဝင်ပါတယ်။

Zanco ဟာ နှစ်ပေါင်းများစွာကြာအောင် သေးငယ်တဲ့ဖုန်းလေးတွေကို ထုတ်လုပ်မှုအပိုင်းမှာ အထူးပြုလေ့လာနေခဲ့တာပါ။ tiny t1 ကို ဟာသတစ်ခုကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ မားကတ်တင်း ကုမ္ပဏီဖြစ်တဲ့ Cubbit ဟာ Fly mioro ဖုန်းတစ်လုံးကို Zanco နဲ့ ပူးပေါင်းပြီးတော့ နမူနာပုံစံငယ်လေး ထုတ်ခဲ့ပါသေးတယ်။

Tiny t1 ကို ဟာသတစ်ပုဒ်အနေနဲ့ စတင်လုပ်ဆောင်ခဲ့ရပါတယ်။

ဖုန်းကြီးကြီးတွေကိုလည်း မသယ်ချင်ဘူး၊ အဆက်အသွယ်လည်းရှိနေချင်တယ်ဆိုရင်တော့ အကောင်းဆုံးပစ္စည်းလေးပါပဲ။

ခရီးသွားတဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ အကောင်းဆုံးပါပဲ။

Clubbit ဟာ Zanco အနေနဲ့ ဒီလိုသေးငယ်ပြီးတော့ ဒီဇိုင်းလှပအောင်လုပ်ဆောင်တဲ့အပိုင်းမှာ အံ့သြမှု ဖြစ်ရပါတယ်လို့ ဆိုပါတယ်။ Zanco ရဲ့ တည်ထောင်သူဖြစ်တဲ့ Shazad Talib ကတော့ micro phone ရဲ့ တစ်ဝက်လောက်ကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ တစ်ဆယ့်ရှစ်လ အကြာမှာတော့ tiny t1 ဟာ ထွက်ပေါ်လာပါတယ်။

Zanco ဟာ Kickstarter campaign မှာ စတင်ပြီးတော့ ဖန်ငွေစုဆောင်းခဲ့ပါတယ်။ ဒေါ်လာ ၁၅၂၀၀၀ လောက် ရရှိခဲ့ပြီးသားလို့ ရေးသားထားပါတယ်။

မေးစရာရှိတာကတောဲ့ဒီလိုဖုန်းလေးကို လူတွေက ၀ယ်ယူဖို့ စဉ်းစားကြပါ့မလား။ သင်ဆိုရင်ရော။ ဖြေကြည့်ခဲ့ပါဦး။ ဘာကြောင့် ၀ယ်မလဲ၊ မ၀ယ်ဘူးဆိုတာကို။

 

 

 

Posted on

၂၀၁၈ မှာ Appple ကုမ္ပဏီက လုပ်ဆောင်လာမယ့် လုပ်ငန်းစဉ်များအကြောင်း

Apple ကို အာရုံစိုက်နေတဲ့ စာရေးသူတွေအတွက် “Apple ဘာလုပ်သင့်သလဲဆိုတာမျိုး”ကို ရေးလိုက်မယ်ဆိုရင် ဘယ်သူကမှ ကျေးဇူးတင်မှာမဟုတ်ပါဘူး။ ၀ိုင်းဆဲခံရမှာ ကျိန်းသေပါတယ်။ များသောအားဖြင့် Apple နဲ့ပတ်သတ်လို့ ရေးသားတဲ့အခါမှာ ဆင်ခြင်ရပါတယ်။ အကြောင်းကတော့ Apple ဖန်တွေရဲ့ တစ်ယူသန်တွေကိုလည်း ထည့်သွင်းစဉ်းစားရတာ ဖြစ်လို့ပါပဲ။

အောင်မြင်နေတဲ့လုပ်ငန်းတွေဆိုတာ ငွေကြေးနဲ့ပတ်သတ်လို့ အမြင်ကောင်းလို့ပဲ ဖြစ်ပါတယ်။ Apple အနေနဲ့လည်း ၂၀၁၈ အတွက် ရှုထောင့်တွေကို ပိုကောင်းအောင် လုပ်ဆောင်နေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Apple အနေနဲ့ နောက်နှစ်အတွက် ရှုထောင့်အသစ်ကနေ စဉ်းစားသင့်တဲ့ အချက်၁၀ခု ဆွေးနွေးထားပါတယ်။

၁၀။ iOS device တွေကို ကား၊ ရုံးခန်း နဲ့အိမ်တွေအတွက် အလိုအလျောက်ချိန်ညှိပေးလာနိုင်တယ်

လွန်ခဲ့တဲ့နှစ်နှစ်တုန်းက Apple ဟာ Proactive လို့ခေါ်တဲ့ feature အသစ်လေးကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ feature လေးကတော့ Google Now ရဲ့ ဗားရှင်းအငယ်စားလေးလို့ ခေါ်ဆိုနိုင်ပါတယ်။ အချိန်နဲ့ တည်နေရာလေးကို ဖော်ပြပေးတာ ဖြစ်ပါတယ်။ iOS device တွေအနေနဲ့ ဒီထက်ပိုပြီးတော့ စမတ်ဖြစ်သင့်၊ ပိုမိုလုပ်ဆောင်နိုင်သင့်ပါတယ်။

တည်နေရာဝန်ဆောင်မှုတွေဖြစ်တဲ့ Bluetooth pairing နဲ့ Wi-Fi/cellular ချိတ်ဆက်မှုတွေအကြားမှာ သင့်ရဲ့ iPhone ဟာ ကားထဲမှာလားဆိုတာကို သိနိုင်ပြီးတော့ ကားစည်းမျဉ်း သတ်မှတ်ထားသင့်ပါတယ်။ ဥပမာ ဖုန်းထဲက Random သီချင်းတွေကို မဖွင့်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းနဲ့ ကားစတူရီယိုနဲ့ ချိတ်ထားလို့ပါ။ အဲဒါမျိုးပေါ့။ (တကယ်ကြီးလား၊ ဘာဖြစ်လို့ ဒီလိုလုပ်ဖို့လိုတာလဲ) အဲဒီလိုပဲ အိမ်မှာဆိုရင်လည်း iPad ကို စပီကာစနစ် ဒါမှမဟုတ် အိပ်ခန်းတီဗွီနဲ့ အလိုအလျောက် ချိတ်ဆက်ဖို့ ပြောထားသင့်ပါတယ်။ ရုံးမှာဆိုရင်လည်း AirPods ကို အသံပိတ်ထားဖို့၊ အလုပ်နဲ့ဆိုင်တဲ့ app တွေကိုပဲ ဖွင့်ပေးဖို့ လုပ်ထားသင့်ပါတယ်။ နေရာတစ်ခုချင်းစီအတွက် profiles လေးတွေ သတ်မှတ်ထားပြီးတော့ အချိန်၊ နေရာ၊ ချိတ်ဆက်ရမယ့် ဆက်စပ်ပစ္စည်းတွေ သတ်မှတ်ပေးလို့ရမယ်ဆိုရင်တော့ iOS ဟာ အတော်လေး မိုက်သွားပါပြီ။

၉။ iPods တွေကို ပြန်လည်အသက်သွင်းနိုင်တယ်
Apple ဟာ iPod Shuffle ၊ Nano နဲ့ Classic တို့ကို သတ်ပစ်လိုက်ပါပြီ။ ဒါပေမယ့် iPod Touch ကတော့ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ iPod နာမည်ကတော့ brand တစ်ခုအနေနဲ့ ရှိနေဆဲပါပဲ။ သီးသန့်ဈေးကွက်၊ third-party software team တွေလက်ထဲမှာ ရှိနေဆဲပါပဲ။ Touch ကတော့ Nintendo Switch ကို ပြိုင်ဆိုင်ဖို့ လုပ်ဆောင်နေပါတယ်။ Nintendo Switch ဟာ တစ်နှစ်ထဲမှာတင် အလုံးရေ ၁၀ မီလျံရောင်းချခဲ့ရပါတယ်။ iPad Mini နဲ့ ဘာလုပ်ရမလဲ မသိဘူးဆိုရင်တော့ iPod family ထဲကို တက်ဘလက်အသေးအနေနဲ့ ထည့်လိုက်ပါ။

Apple အနေနဲ့ iPod Touch ကို ဒေါ်လာ၁၅၀ desktop-tethered အနေနဲ့ ထုတ်လုပ်ပြီးတော့ Amazon ရဲ့ video ရတဲ့ Echo မော်ဒယ်လ်ကို ပြိုင်ဆိုင်လိုက်ပါ။ OS ၊ app နဲ့ chip တွေ အားလုံးစုံနေတာမို့ screen နဲ့ ထည့်သွင်းရမယ့်အိမ်သာ လိုပါတော့တယ်။ ထုတ်ကုန်တစ်ခုအတွက် iPod ကို အသုံးပြုလိုက်ခြင်းဟာ သိပ်တော့ အံ့မ၀င်လောက်ပါဘူး။

၈။ iPad ၊ iPhone ၊ Apple Watch တို့ကို ဆက်လက်လုပ်ဆောင်နိုင်တယ်
၉.၇လက်မ နဲ့ ၁၀.၅လက်မ iPad တွေ၊ Wi-Fi နဲ့ Wi-Fi + Cellular ဗားရှင်းတွေ စသဖြင့် iPad လိုင်းကတော့ အတော်လေး ကြီးမားပါတယ်။ iPhone family မှာလည်း ပါဝင်တဲ့ iPhone တွေများလာပါတယ်။ Apple Watch မှာလည်း ဗားရှင်းတွေအတော်များနေပါပြီ။ စီးရီးတွေ၊ အရွယ်အစားတွေ အမျိုးမျိုးပါပဲ။ အဲဒီ ထုတ်ကုန်တွေဟာ Apple ရဲ့ 1990s Mac လိုင်းတွေလို အမှိုက်တွေပါ။

ဖြေရှင်းချက်။ ထုတ်ကုန်လိုင်းတွေကို စဉ်ဆက်မပြတ်ပါစေနဲ့။ (Home Buttons မပါဝင်တဲ့ 9-inch/11-inch/13-inch) iPad သုံးမျိုးကို regular နဲ့ Pro ဆိုပြီးတော့ ဆက်လက်လုပ်ဆောင်ပါ။ Pro ကိုတော့ cellular နဲ့ ပေါင်းချင်ပေါင်းလိုက်ပါ။ iPhone 9 နဲ့ iPhone 11 ဆိုပြီးတော့ ဖုန်းနှစ်လုံး launch လုပ်ပါ။ (S/M/L) ဆိုပြီးတော့။ ပရိုဆက်ဆာ အမြန်နှုန်း၊ ကင်မရာလုပ်ဆောင်ချက်တွေနဲ့ အလန်းစားပစ္စည်းတွေကို အသုံးပြုလိုက်စမ်းပါ။

Apple Watch ကိုလည်း Series 4 နဲ့ Series 3 ဆိုပြီး ရောင်းလိုက်ပါ။ တစ်မျိုးကို အရွယ်အစားနှစ်ခုခွဲထုတ်လိုက်ပါ။ aluminum/steel/ceramic materials ရွေးချယ်စရာပေးလိုက်ပါ။ Apple Watch တွေဟာ personal ဖြစ်သလို စိတ်ကြိုက်ပြင်ဆင်နိုင်မယ်လို့ ယူဆထားတာမို့ သုံးစွဲသူတွေအနေနဲ့ စိတ်ကြိုက် face တွေကို ဒေါင်းလုတ်ဆွဲနိုင်အောင် လုပ်ပေးလိုက်ပါ။ သူတို့ကြိုက်သလို အလှဆင်ပါစေ။ Nike ဒါမှမဟုတ် Hermès band ကို ၀ယ်ပြီးတော့ special watch face အတွက် ဒေါင်းလုတ်ကုဒ်ယူလိုက်ပါ။

၇။ Apple TV အတွက် အဆင်သင့်ပြင်ထားပါ။
Apple TV business ဟာ Apple အတွက် မကျေနပ်စရာကောင်းနေတယ်ဆိုတာကတော့ အံ့သြစရာမကောင်းပါဘူး။ အကြောင်းရင်းကတော့ ဈေးနှုန်းနဲ့ app တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လက်ရှိမှာတော့ Apple TV မော်ဒယ်လ်သုံးခုကို ဒေါ်လာ ၁၄၉ ကနေ ၁၉၉ အထိ သတ်မှတ်ရောင်းချနေပါတယ်။ Roku ရဲ့ စွမ်းဆောင်ရည်မြင့် 4K device တောင်မှ ဒေါ်လာ ၁၀၀ အောက်မှာ  ရှိပါတယ်။ ဒီတော့ဈေးကွက်အဆင်မပြေတာ မဆန်းတော့ပါဘူး။

Apple TV apps နဲ့ games တွေကို ၀ယ်အောင်လုပ်ဆောင်ပေမယ့်လည်း အဆင်မပြေခဲ့ပါဘူး။ ဒီတော့ 16GB နဲ့ ဒေါ်လာ၉၉ တန် Apple TV 4K က လူအများစုအတွက် အဆင်ပြေနိုင်ပါတယ်။ မဟုတ်ရင်တော့ developer တွေ အပြောင်းအလဲလုပ်ရမယ့်အချိန်ပါပဲ။ Apple TV မှာက stream video နဲ့ music သာ ရနေပါသေးတယ်။ 4K ဒါမှမဟုတ် 720p ထက် ပိုကောင်းအောင် လုပ်ဆောင်မယ်ဆိုရင်ကတော့ အတိုင်းထက်အလွန်ပါပဲ။

၆။ MacBook Pro ဘတ်ထရီစွမ်းဆောင်ရည်ကို တိုးမြှင့်နိုင်တယ်
MacBook Pros ၂၀၁၆ နဲ့ ၂၀၁၇ ပိုင်ရှင်တွေဟာ Apple ရဲ့ ဈေးကွက်ဝင်ချိန်ပြောခဲ့တာထက် အနည်းငယ်လျော့နည်းနေတယ်ဆိုတာ သိကြပါတယ်။ 2016 Pros ကို ဖြန့်ချိတဲ့အချိန်မှာ ဘတ်ထရီစမ်းသပ်နေဆဲမို့ မတပ်ဆင်လိုက်ရတာ ဖြစ်တယ်လို့ Bloomberg က ဆိုပါတယ်။

အဲဒီစက်တွေဟာ သုံးစွဲသူတွေခန့်မှန်းထားသလို Pro အတွက် အသုံးပြုနိုင်ခဲ့ခြင်းမရှိပါဘူး။ Apple အနေနဲ့ အဖြေတစ်ခု ပေးသင့်ပါတယ်။ မူရင်းစီစဉ်ထားတဲ့အတိုင်း ပိုကောင်းတဲ့ ဘတ်ထရီကို ထည့်ပေးသင့်ပါတယ်။ MacBook Pro ၀ယ်ယူသူတွေအတွက် iPhone 6 လိုမျိုးလုပ်ဆောင်ဖို့အတွက် လိုအပ်နေပါတယ်။

၅။ Siri ကို ပုံစံပြောင်းပြီးတော့ တန်ဖိုးသင့် Siri စပီကာထုတ်နိုင်တယ်
Apple အနေနဲ့ Siri ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို သူ့ရဲ့ AI assistant ပြိုင်ဘက်တွေနဲ့ ယှဉ်နိုင်အောင် လုပ်သင့်နေပါပြီ။ Siri devices တွေကိုလည်း အိမ်မှာ အသုံးပြုနိုင်အောင် လုပ်သင့်နေပါပြီ။ Amazon (Echo Dot) နဲ့ Google (Google Home Mini) တို့ကတော့ ထွက်ရှိနေပါပြီ။ ရောင်းချမှုစံချိန်တွေနဲ့ app download မှာလည်း ထိပ်တန်းတွေ ရောက်နေကြပါပြီ။

Apple အတွက် $349 HomePod ကို အဲဒီလိုဖြစ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ အခုအချိန်က ချိန်ညှိသင့်နေပါပြီ။

၎။ Apple ရဲ့ accessory ဈေးကွက်ကို အားကောင်းလာအောင် ပြန်လည်လုပ်ဆောင်နိုင်တယ်
Apple ရဲ့ accessory developer တွေကို လွန်ခဲ့တဲ့ ၁၃နှစ်က လုပ်ဆောင်ခဲ့သလို “အခကြေးငွေပေး၊ ငါတို့စည်းမျဉ်းကို လိုက်နာ၊ ငါတို့အတွက် exclusive ဖြစ်အောင်လုပ်ပေး၊ ငါတို့သုံးစွဲသူတွေထံက ငွေအတူတူယူမယ်” စတဲ့လေသံနဲ့ ပြောခဲ့ပါတယ်။ သုံးစွဲသူတွေအတွက်ကတော့ Apple က တွဲဖက်ထုတ်တဲ့ accessories တွေဈေးကြီးရခြင်းက လုံခြုံစိတ်ချရလို့ပါဆိုတာမျိုး ပြန်ကြားရပါတယ်။

ဒါပေမယ့် Apple ရဲ့ HomeKit security ဆွေးနွေးပွဲမှာတော့ AirPlay speaker တွေရ့ ကျရှုံးမှုနဲ့အတူ Lightning connectors ကို လုပ်ဆောင်ပြသခဲ့ပြီနောက်မှာ ငါတို့လိုလိုက်လုပ်ဆိုတဲ့နည်းလမ်းက သုံးစွဲသူတွေရော developer တွေအတွက်ပါ အလုပ်မဖြစ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက Apple ဟာ accessory ဈေးကွက်ကို ပုံမှန် brand တွေနဲ့၊ ကလုန်းတွေဆီကနေ ရယူခဲ့ပါတယ်။ AR ၊ VR ၊ AI နဲ့ အခြားသောနည်းပညာတွေ ခေတ်စားလာချိန်မှာတော့ သူ့ရဲ့ accessory လိုင်စင်စီးပွားရေးကို ရပ်တံ့ပစ်ပြီး နောက်ထပ် hardware မျိုးဆက်သစ်တွေနဲ့ လုပ်ဆောင်သင့်နေပြီ ဖြစ်ပါတယ်။

 

၃။ Mac နဲ့ iOS app တွေကို ပေါင်းစပ်နိုင်တယ်
Mac ပေါ်မှာ iOS app တွေကို အသုံးပြုချင်တဲ့ သုံးစွဲသူတွေများနေပြီလို့ Bloomberg က အတည်ပြုပေးခဲ့ပါတယ်။ ဒီအတွက်လည်း နှစ်အကြာကြီးစောင့်ရဦးမယ်လို့ ပြောခဲ့ပါသေးတယ်။

Apple အနေနဲ့ laptop နဲ့ tablet တွေကို ခွဲခြားဝယ်ယူဖို့ လူတွေကို အတင်းကြိုးစားနေပါတယ်။ ဒါပေမယ့် စဉ်းစားကြည့်မယ်ဆိုရင် သုံးစွဲသူတွေလိုချင်တာကို လုပ်ဆောင်ရမှာပါ။

အဆင့်တစ် ။ iPad နဲ့ iPhone app တွေကို Xcode ရဲ့ iOS development tool Simulatorလိုမျိုး window မှာ run လိုက်ပါ။ ဖြစ်နိုင်ရင် trackpad ၊ mouse ပါ အသုံးပြုနိုင်ပါစေ။ developers တွေအနေနဲ့ Mac UIs ကိုလည်း အသုံးပြုခွင့်ပေးလိုက်ပါ။ ဒါဆိုရင် Apple အတွက် သူတို့ကလမ်းဖောက်ပေးပါလိမ့်မယ်။

၂။ touchscreen Macs ထုတ်နိုင်တယ်
Apple အနေနဲ့ ဒီတစ်ခုမှာတော့ လုံးဝလွဲနေပါတယ်။ လူတွေက touchscreen Macs ကိုလိုချင်နေတာပါ။ ဒါပေမယ့် Microsoft Store ကို လျှောက်သွားမယ်ဆိုရင် Mac လိုမျိုး laptop တွေနဲ့ desktop တွေကို တွေ့ရပါလိမ့်မယ်။ သူတို့မှာ touch နဲ့ stylus တို့ကို ဈေးသက်သာစွာနဲ့ အသုံးပြုနိုင်ဦးမှာပါ။

MacBook Touch Bar ကတော့ Apple အတွက်ဈေးပိုကြီးအောင် လုပ်လိုက်သလိုပါပဲ။ developer အနည်းငယ်ကသာ ဂရုစိုက်ကြပါတ်ယ။ သုံးစွဲသူတွေကတော့ အသုံးပြုပုံတာင် မပေါ်ပါဘူး။ ဒီတော့ touchscreen နဲ့ ထုတ်လုပ်ဖို့ လုပ်ဆောင်ရမှာပါ။ trackpad နဲ့ stylus တို့ကို ပေါင်းစပ်လိုက်မယ်ဆိုရင် အားလုံးပျော်သွားမှာပါ။ Touch Bar ထက် ပိုပျော်မယ်ဆိုတာ လောင်းမလား။

၁။ PR ဌာနကို ပြင်ဆင်နိုင်တယ်
တကယ်လို့ Apple ဟာ သူ့ရဲ့သုံးစွဲသူတွေကို တကယ်ဂရုစိုက်တယ်ဆိုရင် public relation ဌာနကနေ သတင်းတွေကို နားထောင်နေရမှာပါ။ စာဖတ်သူတွေလည်း သတိထားမိမှာပါ။ Apple ရဲ့ ထုတ်ကုန်တွေနဲ့ ပွဲတွေအကြောင်းရေးသားပေးနေတဲ့သူတွေတောင်မှ Apple က လျစ်လျူရှုထားပါတယ်။ သူတို့အနေနဲ့ Apple ဆီကနေ သတင်းတွေကို ရင်းရင်းနှီးနှီးတောင်းခံနိုင်မယ်ဆိုရင် Apple အတွက်လည်း အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း ပွဲအခမ်းအနားနဲ့ ထုတ်ကုန်အသစ်တွေကို အကန့်အသတ်နဲ့ အသိပေးမယ်ဆိုရင်တောင် ဒီထက်ပိုကောင်းလာမယ်လို့ ထင်မြင်မိပါတယ်။

၂၀၁၈ မှာ Apple ဟာ အကျင့်သိက္ခာကောင်းမွန်တဲ့လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်မယ်ဆိုရင်တော့ public relations ဌာနနဲ့ပတ်သတ်ပြီး သုံးစွဲသူတွေရဲ့အမြင်ကို ဖြေရှင်းသင့်ပါတယ်။ သတင်းဖြန့်ဖို့အတွက် fanboy တွေကို အသုံးပြုမယ့်အစား Apple အနေနဲ့ အများနဲ့သက်ဆိုင်နေတဲ့ PR ဌာနကို ပြင်ဆင်လိုက်မယ်ဆိုရင်တော့ အလားတူအကျိုးသက်ရောက်မှုမျိုး ရနိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ပွဲအခမ်းအနားတွေနဲ့ ထုတ်ကုန်အသစ်တွေအကြောင်းကိုလည်း သတင်းဆရာတွေရဲ့ ရှုထောင့်ပေါင်းစုံကနေ ရေးသားချက်တွေကိုလည်း သိရှိရမှာပါ။ Apple အတွက် ပွင့်လင်းပြီးတော့ တုံ့ပြန်မှုမြန်ဆန်မယ်ဆိုရင်တော့ စိတ်ဆိုးပြီး တရားစွဲတာတွေ၊ နားလည်မှုလွဲလို့ တရားစွဲတာတွေကနေ နည်းပါးသွားနိုင်ပါတယ်။

၂၀၁၇ ကုန်ပြီဆိုတော့ ထားလိုက်ပါ။ နှစ်သစ်မှာ ဘယ်လိုမျိုး အံ့သြစရာကောင်းအောင်လုပ်မလဲဆိုတာကိုတာ တွေးလိုက်ကြရအောင်လား။

Posted on

ဖေ့စ်ဘုတ် လို လူမှုကွန်ရက်ကြောင့် ဖြစ်သွားခဲ့သော လူသတ်မှုများ (အပိုင်း ၁)

သတိထားပါ။ လူမှုကွန်ရက်က ပို့စ်လေးတွေကြောင့် အသက်ပါဆုံးရှုံးရနိုင်တယ်။

လူမှုကွန်ရက်ဟာ ရူးကြောင်ကြောင်နိုင်တဲ့သူတွေ၊ စဉ်းစားဥာဏ်မရှိတဲ့သူတွေလည်း သုံးတဲ့နေရာတစ်ခုလို့ ပြောလိုက်မယ်ဆိုရင် နည်းနည်းများ လွန်သွားမလား။ ကျွန်တော်တို့ မတော်တဆတင်လိုက်မိတဲ့ ပို့စ်တွေ၊ tag လုပ်လိုက်တဲ့ ပုံတွေက တယောက်ယောက်ကို ထိခိုက်သွားတယ်ဆိုရင်တော့ ပြန်ဖျက်ပိုင်ခွင့် ကျွန်တော်တို့လက်ထဲမှာ ရှိနေပါတယ်။

ဒါပေမယ့် တချို့သောအမှားတွေကတော့ အသက်အန္တရာယ်ရှိသွားနိုင်ပါတယ်။ ကျွန်တော်တို့ဆီကို Facebook ၊ တွစ်တာပေါ်က ကွင်းဆက်လူသတ်သမားလာနေပြီဆိုရင် Firewall ၊ Antivirus တွေလည်း မကယ်နိုင်ပါဘူး။

ဒီအကြောင်းတွေက ဇာတ်ကားတွေထဲမှာသာ ရှိနိုင်တယ်လို့ သင့်အနေနဲ့ ယူဆနေတယ်ဆိုရင်တော့ အောက်မှာ တကယ်ဖြစ်သွားတဲ့ဖြစ်ရပ်မှန်တွေကို ဖော်ပြထားပါတယ်။ ဒါကြောင့် ကီးဘုတ်နောက်ကွယ်က လုပ်ဆောင်နေတာပဲဆိုပြီး လုံခြုံတယ်မထင်လိုက်ပါနဲ့။

 

၁။ Facebook ပို့စ်တစ်ခုကြောင့် မိန်းမဟောင်းကို သတ်လိုက်တဲ့ ယောက်ျား
Facebook ပေါ်မှာ မကျေနပ်ချက်တွေကို ဖွင့်အန်ခြင်းက အလုံခြုံဆုံးနည်းလမ်းလို့ ထင်ပါသလား။ နောက်ထပ်တစ်ခေါက်စဉ်းစားဖို့ လိုပါတယ်။ Lisa ဆိုတဲ့အမျိုးသမီးဟာ သူမရဲ့ခင်ပွန်းဟောင်း Adam ရဲ့ ကလေးအတွက် ထောက်ပံ့ကြေးနဲ့ ပတ်သတ်လို့ Facebook ပေါ်မှာ ရေးသားပြောဆိုခဲ့ပါတယ်။ သူမကို Block လုပ်တာထက် ပိုဆိုးတဲ့လုပ်ရပ်ကို လုပ်ခြင်းခံလိုက်ရပါတယ်။ လည်ပင်းကို မလှီးခင်မှာ တူနဲ့ ထုသတ်ခဲ့တာပါ။

၂။ Profile အတုနဲ့ ဆယ်ကျော်သက်ကောင်လေးတွေကို မြူဆွယ်ခဲ့တဲ့ အမျိုးသမီး
အသက် ၂၈ နှစ်အရွယ်ရှိ Natalia Burgess ဟာ Facebook နဲ့ Bebo profile အတုတွေလုပ်ပြီးတော့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ မိန်းမငယ်လေးတွေရဲ့ ပုံလေးတွေကို တင်ခဲ့ပါတယ်။ နောက်ပြီး ဆယ်ကျော်သက်ကျောင်းသားလေးတွေကို မြူဆွယ်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ယောက်နဲ့တွဲပြီး ပျက်သွားပြီဆိုရင် Facebook ပေါ်မှာ ကိုယ့်ကိုကိုယ်သတ်သေတာဖြစ်ဖြစ်၊ မတော်တဆမှုနဲ့ ဖြစ်ဖြစ် သူဖန်တီးထားတဲ့ ကောင်မလေးတွေကို သတ်ပစ်ပါတယ်။ တကယ်မသေဘူးဆိုပေမယ့်လည်း တွဲခဲ့တဲ့ကောင်လေးဘက်နေ ခံစားရမယ့် ခံစားချက်ကို တွေးကြည့်ပေးနိုင်ပါတယ်။

၃။ သူငယ်ချင်းကောင်မလေးFacebook အကောင့်ကို poke လုပ်လို့ အသတ်ခံရသူ
Poke မလုပ်ခင် စဉ်းစားပါ။ Scott Humphrey ကတော့ သူ့သူငယ်ချင်းကိုတော့ သတ်ခဲ့ပါတယ်။ Richard Royetto ဆိုတဲ့သူငယ်ချင်းကို မသေမချင်းလက်သီးနဲ့ ထိုးခဲ့တာပါ။ အကြောင်းရင်းက ဘာလဲ။ Richard က Scott ရဲ့ကောင်မလေး Faceboook အကောင့်ကို poke လုပ်လို့ပါ။ ဒီလိုအရေးမပါတဲ့ ခလုတ်လေးနဲ့ လူသတ်မှုတောင် ဖြစ်သွားတယ်ဆိုတော့ Facebook ကနေ ဖယ်ရှားသင့်ပါတယ်။

၎။ Relationship ကနေSingle ပြောင်းလိုက်လို့ ဇနီးဟောင်းကို သတ်ပစ်ခြင်း
ဒီလုပ်ရပ်ကတော့ ရန်ဖြစ်ပြီးတိုင်း မိန်းကလေးအများစု လုပ်တတ်တဲ့ အပြုအမူလို့ ဆိုနိုင်ပါတယ်။ In a relationship ကနေ Single ပြောင်းပစ်ခြင်းပါ။ Sarah ကတော့ သူ့ဘ၀နဲ့ လဲလိုက်ရမယ်ဆိုတာ သူမသိခဲ့ပါဘူး။ သူ့ရဲ့ခင်ပွန်းဟောင်းက သူ့ကိုယ်သူ သတ်မသေခင်မှာ သူ့မိန်းမကို အရင်သတ်သွားခဲ့ပါတယ်။

၅။ လူသတ်မှုအကြောင်း ထည့်ဆိုခဲ့တဲ့ ရက်ပ်ပါတစ်ဦး
Richard Alden Samuel McCroskey lll ကတော့ ကိုယ်တိုင်ရေးဆို ရက်ပ်ပါတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ရိုးရိုးရက်ပ်ပါမဟုတ်ဘဲ ကြောက်စရာဖြစ်ပါတယ်။ သူဟာ MySpace မှာ Syko Sam နာမည်နဲ့ သူ့ရဲ့သီချင်းကို ကြော်ငြာခဲ့ပါတယ်။ လန့်စရာအကောင်းဆုံးအပိုင်းကတော့ သူ့ရဲ့ဖုံးကွယ်ထားတဲ့ လူသတ်မှုကို ဖော်ပြခဲ့သလို ဖြစ်နေပါတယ်။ သီချင်းစာသားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

သွေးစက်၊ အသေသတ်၊ မဒိန်းကျင့်
ရုပ်ပျက်ဆင်းပျက်တွေကို ငါကြိုက်သလို ငါ့နေရာကို ပြန်ယူလာ
သတ်ဖြတ် ခုတ်ထစ် အင်း မင်း-င်အတွက် ငါလာနေပြီ
ငါက မင်းကို သတ်ပစ်ပြီး မင်း ခန္ဓာကိုယ်ဆွေးမြေ့သွားအောင်ထားမယ်
လမ်းကြားထဲက အမှောင်ရိပ်ထဲမှာ မင်းကို ထားခဲ့မယ်

မရှင်းတာတစ်ခုကတော့ လူသတ်ပြီးမှ ဒီစာသားကိုရေးတာလား၊ စာသားရေပြီးမှ လူသတ်ခဲ့တာလားဆိုတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ သူ့ကို ထောင်ဒဏ်သတ်မှတ်ခဲ့ပါတယ်။

၆။ အကောင့်မပေးလို့ အဖေကို ပစ်သတ်ခဲ့တဲ့ ဆယ်ကျော်သက်
ဒီဂျစ်တယ်ခေတ်မှာ ကလေးတွေဟာ အခန်းထဲမှာပဲ အပြစ်ပေးခံရတော့တာ မဟုတ်ပါဘူး။ သူတို့ကို လူမှုကွန်ရက်တွေမသုံးခိုင်းခြင်းကလည်း အပြစ်တစ်ခုပါပဲ။ ကလေးအများစုကတော့ မရရအောင် ကြိုးစားဝင်ရောက်ကြပါလိမ့်မယ်။ ဒါပေမယ့် Hughstan Schlicker ကတော့ အဲဒီလို မဟုတ်ပါဘူး။ Schlicker ဟာ သူ့အဖေကို 12-gauge shotgun နဲ့ ပစ်သတ်လိုက်တုန်းက သူ့အသက် ၁၅နှစ်သာ ရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ MySpace အကောင့် သုံးခွင့်မပေးလို့ပါ။

၇။ Facebook သုံးပွင့်ဆိုင်အချစ်ကြောင့် မဆီမဆိုင်သေခဲ့သူ
ကျွန်တော့အနေနဲ့ ရဲရဲကြီးပြောရဲတာကတော့ သူများ wall ကို ကိုယ့်wall လိုသဘောထားပြီး ရန်ဖြစ်တာ၊ status တင်တာ ကြုံဖူးကြမယ်ထင်ပါတယ်။ ဒီလိုဆိုရင်တော့ block ပစ်တာနဲ့ အဆုံးသတ်ကြပါလိမ့်မယ်။ ဒါပေမယ့် Torrie Lyn Emery နဲ့ Danielle Booth တို့ကတော့ အဲဒီလို မဟုတ်ခဲ့ပါဘူး။

ဒီမိန်းကလေးနှစ်ယောက်ဟာ Facebook ပေါ်မှာ တစ်နှစ်လောက် အကျဉ်းကျနေတဲ့ ကောင်လေးတစ်ယောက်အတွက်နဲ့ တစ်နှစ်လောက် ရန်ဖြစ်ခဲ့ကြပါတယ်။ တစ်နေ့မှာတော့ သူတို့နှစ်ယောက်ရဲ့ ရန်ဖြစ်မှုဟာ နောက်တစ်ဆင့်ကို ရောက်သွားပါတယ်။ Torrie  ဟာ Daniele ဟာ သူငယ်ချင်းတစ်ယောက်နဲ့ ကားမောင်းနေတာကို မြင်လိုက်ပါတယ်။ Danielle ရဲ့ သူငယ်ချင်းကို သတ်ဖို့အတွက် ထရပ်ကားနဲ့တိုက်မိအောင် လုပ်ဆောင်ခဲ့ပါတယ်။

၈။ MySpace ဓါတ်ပုံကစခဲ့တဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းရဲ့ အဆုံးသတ်
ကျွန်တော်တို့အနေနဲ့ ရည်းစားအသစ်ရရင် ပို့တတ်၊ တင်တတ်ကြတယ်ဆိုတာ မဆန်းပါဘူး။ ဒါဟာ လုံခြုံတယ်၊ လက်ခံလို့ရတယ်လို့ တွေးလို့ပါပဲ။ ဒါပေမယ့် Sarah Ludemann ဟာ Rachel Wade ရဲ့ရင်ဘတ်မှာမီးဖိုချောင်ဓါးနဲ့ထိုးခြင်းကို ပြုလုပ်ခဲ့ပါတယ်။ အကြောင်းကတော့ Rachel Wade ဟာ သူမရဲ့ Josh ဆိုတဲ့ ကောင်လေး၊ Sarah ရဲ့ ရည်းစားနဲ့ တွဲရိုက်ထားတဲ့ပုံတွေကို တင်ခဲ့လို့ပါ။

၉။ Facebook ရဲ့ သေစာရင်း
ဒီဇာတ်လမ်းလေးကတော့ အတော်လေးစိတ်ချောက်ချားစရာကောင်းပြီးတော့ ဒီကနေ့အထိ မဖြေရှင်းနိုင်သေးပါဘူး။ ကိုလံဘီယာက ဆယ်ကျော်ဆက်သုံးယောက်ဟာ အကြောင်းပြချက်မဲ့ ပစ်သတ်ခြင်း ခံရပါတယ်။ ငါးရက်လောက်ကြာတဲ့အခါမှာတော့ သူတို့ရဲ့နာမည်တွေဟာ Facebook ရဲ့ သေစာရင်းဆိုပြီးတော့ ထွက်ပေါ်လာတဲ့အထဲမှာ ပါနေတာကို တွေ့ရပါတယ်။ သုံးရက်အကြာမှာ အဲဒီထဲက စာရင်းပါနေတဲ့ဆယ်ကျော်သက်တွေ ထပ်အသတ်ခံရပါတယ်။ ဒါဟာ စာရင်းထဲမှာပါနေတဲ့ ဆယ်ကျော်သက်တွေရဲ့ မိသားစုတွေ ထိတ်လန့်ကုန်ပါတယ်။ သူတို့ထွက်ပြေးတိမ်းရှောင်သွားတဲ့အခါမှာတော့ သတ်ဖြတ်မှုက ရပ်တံ့သွားပါတယ်။

၁၀။ သူ့သူငယ်ချင်းအသတ်ခံရမှုအကြောင်း တွစ်တာမှာတင်ခဲ့တဲ့ လူတစ်ယောက်
ဒါကတော့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းရဲ့ ဆိုးရွားသောအဆုံးသတ်တစ်ခုပါ။ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ Jameg Blake နဲ့ Kwame Dancy တို့ဟာ အမျိုးသမီးတစ်ဦးနဲ့ပတ်သတ်ပြီး တွစ်တာမှာ စနောက်နေခဲ့ကြပါတယ်။ တစ်နေ့မှာတော့ တွစ်တွေပို့ပြီး စနောက်နေရင်းက Jameg ဟာ သူ့သူငယ်ချင်းကို shotgun နဲ့ လည်ပင်းကိုပစ်သတ်ခဲ့ပါတယ်။ နောက်ဆုံး ပို့ခဲ့တဲ့ တွစ်ကတော့ R.I.P. Kwame ဖြစ်ပါတယ်။