iPhone 11 Series နဲ့ပတ်သက်ပြီး ဒီအချက်တွေ သင်သိပြီးပြီလား?

0
387

Apple Launch Event ကတော့ နှစ်တိုင်းလိုပဲ Innovative ဖြစ်တယ်၊ မဖြစ်ဘူး၊ Design လှတယ်၊ ရုပ်ဆိုးတယ်၊ တန်တယ်၊ မတန်ဘူး စသည် နှစ်ဦးနှစ်ဖက် ငြင်းခုံစရာအဖြာဖြာကို ရိုးရာမပျက် ချန်ခဲ့နိုင်စမြဲ။

ဒါပေမယ့် မိတ်ဆက်ပွဲမှာ Apple အသားပေးပြီးပြောသွားတဲ့ ကိစ္စတွေရှိသလို၊ ပုံလောက်ပြပြီး သာမန်ကာလျှံကာ ကျော်သွားတဲ့ကိစ္စတွေလည်းရှိခဲ့တယ်။ ထည့်မပြောသွားတဲ့ကိစ္စတွေလည်းရှိသလို နားလျှံပြီး သေချာမကြားလိုက်တဲ့အရာတွေလည်း ပါကောင်းပါမယ်။ ဆိုတော့ အခုပြောမယ့် iPhone 11 Series နဲ့ပတ်သက်တာတွေကို ခင်များတို့ရော ဘယ်လောက်ထိကြား၊ သိပြီးပြီလဲ။ အကုန်သိထားပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို Apple Fan စစ်စစ်အဖြစ် လက်မထောင်လို့ရပါပြီ။ -Camera Design ဒီနှစ် iPhone 11 (အထူးသဖြင့် Pro Model တွေရဲ့) Camera Design ဟာ Notch နည်းတူ Fan တွစိတ်ပျက်ခဲ့ရတဲ့ Design ပိုင်းပြောင်းလဲမှုဆိုရင် မှားမယ်မထင်။ ဒါပေမယ့် ပြောနေကျစကားအတိုင်း Apple ဟာ ဒီရုပ်ဆိုးတဲ့ပြောင်းလဲမှုကို အကြောင်းမဲ့သက်သက်လုပ်ခဲ့တာတော့ မဟုတ်။ သတိထားမိကြမလားတော့မသိ။ ဒီ Camera ၃လုံးကြား အကွာအဝေးက အတူတူဖြစ်နေတယ်ဆိုတာ။

ဘာကြောင့်လဲဆိုတော့ Apple မိတ်ဆက်ခဲ့တဲ့ iPhone 11 Video Feature မှာ Video ရိုက်ကူးနေတုန်းမှာ Camera ၃လုံးကြား စိတ်ကြိုက်ပြောင်းလဲရိုက်နိုင်တဲ့ Feature ပါလာတယ်။ ရုတ်တရက်ဆို အမှုမဲ့အမှတ်မဲ့နိုင်ပေမယ့် ခုလိုပြောင်းလဲရိုက်ကူးတဲ့အခါ Frame Distortion မဖြစ်ဖို့ဆိုတာ Camera တစ်လုံးနဲ့တစ်လုံးကြား တူညီတဲ့အကွာအဝေးရှိနေဖို့ အရမ်းအရေးကြီးတယ်။ ဒါကြောင့် ဒီ Triangle-shape Triple Camera Design ဟာ iPhone 11 Pro ရဲ့ Videography အတွက် Apple ရွေးချယ်တဲ့ အသင့်တော်ဆုံး Solution လို့ ဆိုနိုင်ပါတယ်။

-Audio Zoom Apple က ဒီ Feature ကို iPhone 11 Series နဲ့အတူ မိတ်ဆက်ဖို့ရည်ရွယ်ခဲ့ပုံရပေမယ့် Galaxy Note 10+ က ကြိုမိတ်ဆက်သွားခဲ့လို့ Event မှာ ဒီ Feature ကို Slide အဖြစ်နဲ့ပဲ မြင်တွေ့ခဲ့ရပါတယ်။ (So sad, Apple.)

-Flash Light iPhone 11 Series မှာပါတဲ့ Flash Light ဟာ အရင် Xs Series မှာထက် 36% ပိုလင်းပါသတဲ့။

-Video Quality iPhone 11 Pro နဲ့ Pro Max တို့ရဲ့ Camera ၄လုံးစလုံး (Selfie အပါအဝင်) ဟာ 4K ကို 60fps အထိ Video ရိုက်ကူးနိုင်မှာပါ။

-Night Mode iPhone 11 Series ရဲ့ Night Mode ဟာ Android ဖုန်းတွေမှာလို Manually ဖွင့်ရိုက်ရမှာမျိုးမဟုတ်ပဲ ပတ်ဝန်းကျင်ရဲ့ အလင်းအခြေအနေပေါ်မူတည်ပြီး Auto Switch လုပ်ပေးမယ့် Feature မျိုးပါ။ ပြီးတော့ အလင်းအနည်း၊ အများပေါ်မူတည်ပြီး Night Mode ရိုက်ကူးတဲ့ကြာချိန်ဟာလည်း အပြောင်းအလဲရှိနိုင်ပါတယ်။

-Dual Camera iPhone 11 မှာ Normal Lens (Wide) နဲ့ရိုက်ကူးနေချိန် Ultra-wide Lens ကလည်း တစ်ပြိုင်နက်အလုပ်လုပ်ပေးပါတယ်။ ဆိုတော့အလွယ်ပြောရင် ကိုယ်ရိုက်ထားတဲ့ Wide Photo ကို Gallery ထဲမှာ Ultra-wide Version အဖြစ် ပြန်ပြောင်းနိုင်တဲ့သဘောပေါ့။

-Water Resistance မနှစ်က iPhone XR မှာ IP 67 ပဲ ပါခဲ့ပေမယ့် ဒီနှစ် iPhone 11 ကတော့ IP 68 ထိတိုးပြီး ပါလာပြီ။ ဒါ့အပြင် Pro Model တွေမှာ IP 68 ကိုမှ 4m အနက်မှာ 30min ထိ ရေဒဏ်ခံနိုင်မယ်ဆိုတော့ ပိုကောင်းလာတဲ့ IP Rating လို့ ပြောလို့ရတာပေါ့။

-Thickness & 3D Touch iPhone 11 Series ဟာ iPhone 4s နောက်ပိုင်းမှာ အထူဆုံး iPhone Series ဖြစ်လာခဲ့တယ်။ အထူအနေနဲ့ iPhone 11 မှာ 0.33” ရှိပြီး Pro Model တွေကတော့ 0.32” အထိ ထူလာပါပြီ။ နောက်ပြီး ဒီ Model ၃ခုစလုံးမှာ No More 3D Touch ပါ။ အဲဒီအစား Apple က iPhone XR မှာလို Haptic Touch နဲ့ အစားထိုးပေးထားပါတယ်။ ဆိုတော့ iPhone အသစ်တွေဟာ ပိုထူ၊ ပိုလေးတဲ့ဖုန်းတွေ ဖြစ်လာတယ်ဆိုပါတော့။

-RAM & Battery နှစ်တိုင်း Apple Event တွေမှာ ကိန်းဂဏန်းတွေနဲ့အဖက်လုပ်ပြီး အကြေငြာမခံရတာ ဒီနှစ်ချက်ပါ။ iPhone 11 မှာ RAM 4GB ဖြစ်လာတာက အားလုံးလိုလိုသိပြီးဖြစ်ပေမယ့် Pro Model တွေမှာ RAM 6GB ထိ ပါမယ်ဆိုရင်တော့ စိတ်ဝင်စားကြမယ်ထင်ရဲ့။ Geekbench Result တွေမှာတော့ 4GB လို့ပဲပြခဲ့ပေမယ့် ဒါကလည်း Apple က User တွေကို သိပ်အရေးမလုပ်စေချင်လို့ ဖုံးကွယ်ထားတာလည်း ဖြစ်နိုင်ကောင်းရဲ့။ ပြီးတော့ 11 Series ဟာ Apple ရဲ့ ဖုန်း ၃လုံးစလုံးမှာ 3,000 mAh အထက် Battery Capacity ပါတဲ့ Series ဖြစ်လာခဲ့တယ်။

-Reverse Wireless Charging ဒီတစ်ချက်ကတော့ ထူးဆန်းတယ်။ ခိုင်လုံတဲ့သတင်းရပ်ကွက်တစ်ချို့ကနေ ထွက်လာတဲ့သတင်းတွေအရ iPhone 11 Pro Model တွေမှာ Reverse Wireless Charging အတွက် Hardware ပါဝင်ပါသတဲ့။ တစ်ချို့ကတော့ Software Update နဲ့ Surprise လုပ်ကောင်းလုပ်နိုင်သလို တစ်ချို့ကလည်း Final Launch မလုပ်ခင်မှာ ဒီ Feature ကို ပြန်ဖြုတ်လိုက်တယ်လို့ အမျိုးမျိုးပြောနေကြတယ်။ ဟုတ်၊ မဟုတ်ကိုတော့ Official Launch လုပ်ပြီးလို့ Jerryrig တို့လို Youtuber တွေလက်ထဲရောက်ရင် သိရမှာပါ။

-Apple U1 Chip ဒါကတော့ Event မှာ အကျယ်တဝင့်ကို မိတ်ဆက်သွားပေမယ့် သာမန် User တွေ သိပ်အာရုံမရောက်ကြတဲ့ Apple ရဲ့ အနာဂတ်လို့ ပြောလို့ရတယ်။

ဘာကြောင့်လဲဆိုတော့ Ultra-wideband လို့ခေါ်တဲ့ ဒီနည်းပညာဟာ နောက်ပိုင်း Apple မှာ တွင်တွင်ကျယ်ကျယ်သုံးလာနိုင်တဲ့ နည်းပညာဖြစ်နေလို့ပါ။ ဆိုတော့ ဒီ Chip လေးက ဘာတွေလုပ်ပေးနိုင်လဲ။ အလွယ်ပြောရရင် ကိုယ့်အနားပတ်ဝန်းကျင်မှာရှိတဲ့ U1 Chip သုံးထားတဲ့ Apple Device တွေကို တိတိကျကျရှာဖွေနိုင်မယ်။ လောလောဆယ်မှာတော့ Airdrop သုံးတဲ့အခါ ကိုယ့်ဖုန်းလှည့်ထားတဲ့ Direction က iPhone User ကို ဦးဆုံးရွေးချယ်ပြီး Data Transfer လုပ်ပေးတာမျိုး လုပ်နိုင်မယ်။ ပြီးရင် အိမ်ထဲမှာ Apple Product တွေ (Airpod, Apple Watch) နေရာ အထားမှားပြီးပျောက်နေရင် အလွယ်တကူရှာနိုင်မယ်။ နောက်ပိုင်း Apple ကနေ ထုတ်လာနိုင်တယ်လို့ သတင်းပြေးနေတဲ့ ဒီ U1 Chip သုံးတဲ့ Tracker လေးတွေကို Keychain အဖြစ်သုံးရင် ကားသော့၊ အိမ်သော့လိုဟာတွေပါ အလွယ်တကူ ရှာလာနိုင်မယ်။ နောက်ဆုံး ဒီနည်းပညာသာ Advanced ဖြစ်လာခဲ့ရင် ကိုယ့် iPhone ပျောက်သွား၊ အခိုးခံရခဲ့သည်ရှိသော် ကိုယ့်ဖုန်းအနီးနားက တခြား iPhone User တွေကတစ်ဆင့် Signal ဖမ်းယူပြီး AR အကူအညီနဲ့ပေါင်းပြီး ပြန်ရှာနိုင်တဲ့အထိ အလားအလာကောင်းတွေရှိနေတယ်။

ဒီအချက်တွေကတော့ Apple Launch Event အပြီး ထွက်လာတဲ့ Article တွေ၊ Video တွေကနေပြီး တစ်ချို့လူတွေသတိမထားမိနိုင်သေးတဲ့ iPhone 11 Series နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်လေးတွေကို စုစည်းပြောပြပေးတာပါ။ တကယ်လို့ ကိုယ်က iPhone 11 Series နဲ့ပတ်သက်ပြီး ပိုလေ့လာ၊ ပိုသိထားတယ်ဆိုရင်လည်း Comment မှာ ဝင်ဖြည့်စွက်သွားနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.