Huawei Nova 3 စမတ်ဖုန်းရဲ့အနေအထားကဘယ်လိုလဲ ?

0
4385

Huawei ရဲ့အသစ်ထွက် Nova 3 ဖုန်းကိုတော်တော်လေးကြိုက်မိတယ်။ ကြိုက်မိတယ်ဆိုတာထက် အံ့သြဖို့ကောင်းတယ်လို့ပြောရင် ပိုမှန်မှာပါ။ ဘာကြောင့်လဲ ?


ပထမဆုံးအံ့သြမိတာက Huawei ကသူ့ရဲ့၁၁ သိန်းတန် P20 Pro လို Flagship ဖုန်းမှာသုံးထားတဲ့ Kirin 970 လို အဆင့်မြင့် Processor ကို သူ့ရဲ့အသစ်ထွက် ငါးသိန်းကျော်တန် Nova 3 စမတ်ဖုန်းမှာ အသုံးပြုပေးလိုက်လို့ပါ။ RAM အနေနဲ့ 6GB ပါဝင်ပါတယ်။ Kirin 970 Processor ဟာ Overall performance အားဖြင့် Snapdragon 835/845 processor ကိုယှဉ်နိုင်စွမ်းရှိပါတယ်။ Machine learning နဲ့ AI ပိုင်းဆိုင်ရာတွေမှာတော့ Kirin 970 ဟာ အဆိုပါ Chipset တွေထက်အနည်းငယ်ပိုသာပါတယ်။ Processor အနေနဲ့ Huawei ရဲ့လက်ရှိအကောင်းဆုံး Processor ကိုထည့်သုံးပေးထားတဲ့အတွက် ဒီဖုန်းအနေနဲ့ဆိုရင် Performance ပိုင်းလုံးဝကောင်းမွန်မှုရှိတာတွေ့ရပါတယ်။ နောက်ဆုံးထွက်ကားဂိမ်းဖြစ်တဲ့ Asphalt 9 နဲ့ လက်ရှိလူဆော့အရမ်းများတဲ့ PUBG, Mobile Legend တို့ကိုဆော့ကြည့်တာ အထစ်အငေါ့မရှိ Smooth ဖြစ်ပါတယ်။

ဖုန်းကိုယ်ထည် quality ပိုင်းအနေနဲ့လည်း Premium ဆန်တဲ့ Quality မျိုးခံစားရပါတယ်။

P20/P20 Pro ရဲ့ကိုယ်ထည်အရည်အသွေးနဲ့ခပ်ဆင်ဆင်အနေအထားထိရအောင်လုပ်ပေးထားတာတွေ့ရပါတယ်။

နောက်ထပ်ကြိုက်နှစ်သက်မိတာက Nova 3 ဟာရှေ့ Selfie Camera ရော နောက် Primary Camera တွေမှာပါ AI Photography စနစ်ပါဝင်ပါတယ်။ Nova 3 စမတ်ဖုန်းမှာ ရှေ့ကင်မရာ ၂ လုံး ၊ နောက်ကင်မရာ ၂ လုံးပါဝင်ပါတယ်။

ရှေ့ Selfie Camera အနေနဲ့ 24MP sensor (f/2.0 aperture) နဲ့ 2MP sensor(f/2.4 ) lens တို့ကိုတပ်ဆင်ထားပါတယ် ။ ရှေ့ Selfie lens ၂ လုံးထဲက 2MP sensor က Portrait mode/Bokeh effects တွေအတွက်သီးသန့်ထည့်ပေးလိုက်တာပါ။ နောက်ဘက်ခြမ်းကင်မရာအနေနဲ့ 16MP (f1.8 ) primary camera နဲ့ 24MP (f1.8 ) monochrome camera စတဲ့ Lens ၂ လုံးကိုအသုံးပြုထားပါတယ်။

ရှေ့ Selfie Camera တွေရော ၊ နောက်ဘက်ခြမ်း Camera တွေမှာပါ AI Photography ပါတဲ့အတွက် ကောင်းကင်လား ၊ ပင်လယ်လား ၊ အပင်တွေလား ၊ တိရစ္ဆာန်လား ၊ လူတွေလား ၊ လူမျက်နှာသွင်ပြင်လား မြင်ကွင်းပေါင်း အမျိုး ၂၀၀ ကျော်ကိုအလိုလျောက်ခွဲခြားသိရှိနိုင်ပြီး ၎င်းမြင်ကွင်း/အရာဝတ္တုတွေနဲ့လိုက်ဖက်မယ့် Camera setting တွေကို auto ချိန်ညှိပေးကာ ကောင်းမွန်တဲ့ဓာတ်ပုံရလဒ်အရည်အသွေးကိုထုတ်ပေးပါတယ်။ AI Photography mode ကို Default အနေနဲ့ On ထားပြီး AI Mode ဖွင့်ရိုက်ချိန်မှာတော့ ရရှိလာတဲ့ ဓာတ်ပုံရလဒ်ကကောင်းမွန်မှုရှိပါတယ်။ နောက်ဘက်ခြမ်းကင်မရာမှာဆိုရင် Main Camera ဖြစ်တဲ့ 16MP (f1.8 ) primary camera ရဲ့ဓာတ်ပုံရလဒ်ထက် 24MP (f1.8 ) monochrome camera ရဲ့ Black & white ဓာတ်ပုံရလဒ်ကိုပိုကြိုက်ပါတယ်။ ဒါ့အပြင် Video ရိုက်ကူးရာမှာ 4K resolution ထိရိုက်ကူးနိုင်သော်လည်း Stabilization feature တွေမပါဝင်တဲ့အတွက် Tripod သာတပ်မရိုက်ဘူးဆိုရင် ဗီဒီယိုထဲမှာ ရုပ်ထွက်သိပ်မငြိမ်ဘဲတုန်ခါမှုလေးတွေဖြစ်နေတာကိုတွေ့ရမှာပါ။ Video Recording ပိုင်းမှာအားရကျေနပ်မှုမရှိပါ။ ခြုံပြောရရင် ကင်မရာပိုင်းဆိုင်ရာမှာ သူ့ထက်မြင့်တဲ့ Huawei P20 နဲ့ P20 Pro ကိုမမှီပေမယ့် အလယ်အလတ်အဆင့်စမတ်ဖုန်းတွေထဲမှာတော့ ကင်မရာကောင်းမွန်မှုရှိတဲ့ ဖုန်းတစ်လုံးအဖြစ်တော့လက်ခံလို့ရပါတယ်။

Display ပိုင်းအနေနဲ့ Nova 3 စမတ်ဖုန်းမှာ 6.3-inch (2340×1080 resolution) IPS LCD Display ကိုတပ်ဆင်ထားပါတယ်။ LCD Display သုံးဖုန်းတစ်လုံးရဲ့ရုပ်ထွက်အနေနဲ့ဆိုရင် တော်တော်ကြည်လင်ပြတ်သားမှုရှိတဲ့ စမတ်ဖုန်းတစ်လုံးပါ။ AMOLED Display သုံးလိုက်ရင်တော့ ဒီထက်နည်းနည်းပိုပြီး Perfect ဖြစ်သွားနိုင်ပေမယ့် ဈေးလည်းနည်းနည်းပိုကြီးသွားနိုင်ပါတယ်။

Security ပိုင်းအနေနဲ့ Fingerprint နဲ့ Face Unlock စနစ်တို့ပါဝင်ပါတယ်။ ထူးခြားတာက Nova 3 မှာပါတဲ့ Face Unlock စနစ်ဟာ ဈေးကွက်ထဲမှာလက်ရှိရောင်းချနေတဲ့ Android ဖုန်းတွေမှာပါတဲ့ Selfie Camera အသုံးပြုလုပ်ဆောင်တဲ့ Face Unlock စနစ်မျိုးမဟုတ်ပါဘူး ။

Nova 3 ရဲ့ Face Unlock စနစ်ဟာ iPhone X မှာကဲ့သို့ Infrared light sensor ကိုအသုံးပြုလုပ်ဆောင်တဲ့ Face Unlock feature ဖြစ်ပြီး ရှေ့ဘက်ခြမ်းမှာပါဝင်တဲ့ IR sensor ရဲ့ Infrared light က Facial data တွေကိုအတိအကျမှတ်သားစစ်ဆေးပေးနိုင်ပါတယ်။ အခြား Android ဖုန်းတွေမှာပါတဲ့ သာမန် Selfie Camera ကိုအသုံးပြုလုပ်ဆောင်တဲ့ Face Unlock feature ထက် Nova 3 ရဲ့ IR based Face Unlock feature ကများစွာပိုမိုလုံခြုံစိတ်ချရမှုရှိပြီး လုံးဝမှောင်မဲနေတဲ့အမှောင်ထဲမှာလည်း Nova 3 ရဲ့ Face Unlock feature ကကောင်းမွန်စွာအလုပ်လုပ်တာကိုလည်းတွေ့ရပါတယ်။ Mi 8/8 EE နဲ့ Oppo Find X မှာလည်း ဒီစနစ်မျိုးပါဝင်ပါတယ်။

IR Sensor ကိုအသုံးပြုပြီးလုပ်ဆောင်ပေးနိုင်တဲ့ Feature နောက်တစ်ခုကိုလည်းထည့်သွင်းပေးထားပါသေးတယ်။ အဲ့ဒါကတော့ iPhone X မှာပါတဲ့ Animoji ပုံစံမျိုး AR lens ဆိုတဲ့ feature ကိုထည့်သွင်းပေးထားခြင်းပါ။ IR Sensor ကနေ ကိုယ့်မျက်နှာသွင်ပြင် data ကိုလှမ်းဖတ်ပြီး (ကိုယ့်ရဲ့မျက်လုံး ၊ မျက်ခုံး နဲ့ပါးစပ်လှုပ်ရှားပုံစတာတွေကို detect လုပ်ပြီး ) 3D အရုပ်လေးတွေအနေနဲ့ ဖော်ပြပေးမှာပါ။

Battery အနေနဲ့ 3750 mAh battery ကိုအသုံးပြုပေးထားပြီး အမြန်အားသွင်းစနစ်အနေနဲ့ SuperCharge feature ပါဝင်ပါတယ်။ အမြန်အားသွင်းစနစ်ပါတယ်ဆိုသော်လည်း အားအပြည့်သွင်းကြည့်ရာ ၂ နာရီလောက်တော့ကြာပါတယ်။ ပထမ နာရီဝက်အတွင်းမှာ 25% အားဝင်ပါတယ်။ ၁ နာရီခန့်ကြာတော့ 55% ထိရောက်ပါတယ်။ အမြန်အားသွင်းစနစ်လို့ပြောလို့ရမယ်မထင်ပါ။ လက်ရှိစမ်းသုံးကြည့်ပြီးသလောက် Battery ပိုင်းမှာလည်းကောင်းမွန်မှုရှိပါတယ်။ တစ်နေကုန်အားရင်အားသလို Facebook သုံးလိုက် ၊ YouTube ကြည့်လိုက် ၊ ဂိမ်းဆော့လိုက်နဲ့သုံးနေတာတောင် ညပိုင်းမှာ Battery အနေနဲ့ 30% လောက်ကျန်ပါသေးတယ်။

Storage အနေနဲ့ 64GB/128GB စတဲ့ Storage ၂ မျိုးနဲ့ထုတ်လုပ်ပေးထားပြီး အားသာချက်အနေနဲ့ Micro SD card လည်းထပ်စိုက်လို့ရပါသေးတယ်။

ခြုံငုံသုံးသပ်ရရင် Nova 3 ဟာ အလယ်အဆင့်စမတ်ဖုန်းထဲမှာတော့ ပြီးပြည့်စုံမှုရှိတဲ့စမတ်ဖုန်းတစ်လုံးလို့ဆိုနိုင်ပါတယ် ။ ဖုန်းရဲ့ကိုယ်ထည်တည်ဆောက်ပုံကလည်း Premium Quality အနေအထားရှိပါတယ်။ အဓိကအနေနဲ့ သူ့ရဲ့ပြည်တွင်းပြိုင်ဘက် Xiaomi Mi 8,Mi 8 SE လိုဖုန်းတွေကိုအဓိကယှဉ်ပြိုင်ဖို့ထုတ်ထားတယ်လို့ယူဆပါတယ်။ ၅ သိန်းခွဲဝန်းကျင်ထဲမှာတော့ ဝယ်သင့်တဲ့ ဖုန်းတစ်လုံးပါ ။ ၅ သိန်းဝန်းကျင်တန်ဂျင်းဖုန်းမဟုတ်တာတော့သေချာပါတယ်။

My ratings – 8/10 

Thet Naing Soe (Myanmar Mobile App)
www.myanmarmobileapp.org

Leave a Reply