ရူးလောက်တဲ့ ကင်မရာ ၃လုံး အတွဲအစပ်နဲ့ Huawei P20 Pro

0
2371

Huawei ကတော့ ကမ္ဘာ့ပထမဆုံးအနေနဲ့ နောက်ကျောဘက်မှာ ကင်မရာ ၃ လုံး (Triple Camera) ပါဝင်တဲ့ Huawei P20 Pro စမတ်ဖုန်းကိုမိတ်ဆက်ပြသလိုက်ပါပြီ။ Huawei ရဲ့ P Series စမတ်ဖုန်းတွေဟာ Huawei P9 ကစလို့ P10 စီးရီးတွေအထိ ကင်မရာပိုင်းမှာအထူးအလေးထားတဲ့စမတ်ဖုန်းတွေဖြစ်ကြောင်းအားလုံးသိပြီးဖြစ်မှာပါ။

Huawei P20 Pro ရဲ့နောက်ဘက်ခြမ်းက ကင်မရာ ၃ လုံးမှာဆိုရင် ထိပ်ဆုံးကင်မရာဟာ 8MP Telephoto Lens (f/2.4 aperture and 52mm focal length ) ဖြစ်ပါတယ်။ ဒုတိယကင်မရာကတော့ 40 MP RGB Sensor (f/1.8 aperture and 28mm focal length) ဖြစ်ပါတယ်။ ဒီ Main Sensor ဟာဆိုရင် Galaxy S9 Camera ရဲ့ Main Sensor ထက် ၂ ဆအနေအထားပါ။ လတ်တလောထွက်ခဲ့တဲ့ စမတ်ဖုန်းကင်မရာတွေထဲမှာဆိုရင်တော့ Megapixel အများဆုံး ကင်မရာလည်းဖြစ်ပါတယ်။ အောက်ဆုံးက Lens ကတော့ 20 MP monochrome lens(f/1.6 aperture) ဖြစ်ပြီး အပေါ်က Dual Camera ၂ လုံးရဲ့အောက်မှာ သီးသန့်နေရာလေးတစ်ခုအနေနဲ့ ဒီဇိုင်းထုတ်ထည့်သွင်းပေးထားတာတွေ့ရပါတယ်။ အပေါ်ဆုံး Lens က Portrait Shots တွေအတွက်အထူးပြုတယ်ဆိုပေမယ့် ကင်မရာ ၃ လုံးစလုံးက Portrait Mode နဲ့ Blur လုပ်ဆောင်ချက်တွေအတွက်ပေါင်းစပ်လုပ်ဆောင်ပေးနိုင်ပါတယ်။ ပထမနဲ့ ဒုတိယ Lens ၂ ခုကြားမှာ Laser Transmitter/receiver ပါဝင်ပြီး တတိယ Lens ရဲ့အောက် Flash နေရာမှာတော့ Color Temperature Sensor ပါဝင်ပါတယ်။ Huawei P20 Pro ဟာ Low Light ရိုက်ကူးရာမှာသိသိသာသာပိုကောင်းလာပါမယ်။ Huawei P20 Pro မှာ Low Light Photography ရိုက်ကူးမှုအတွက် Light Fusion System ဆိုတာပါဝင်ပြီး ယင်းနည်းပညာကတော့ Pixel ၄ ခုကို Pixel အကြီး ၁ ခုတည်းအနေနဲ့ (eg- 1μm pixel size on the RGB sensor up to 2μm) ပေါင်းစပ်လုပ်ဆောင်ပေးမယ့်နည်းပညာပါ။ ဒါ့အပြင် ISO အနေနဲ့ 102,400 ပမာဏအထိတင်နိုင်ပါတယ်။ ဒါဟာ လက်ရှိတခြားဘယ်စမတ်ဖုန်းမှာမှ ISO အဲ့လောက်ထိတင်မရသေးပါ။ ဒါ့အပြင် AI အခြေပြု stabilization နည်းပညာပါဝင်လို့ Night Mode အနေအထားမှာ Long Exposure ပုံတွေရိုက်တဲ့အခါ Tripod မလိုဘဲရိုက်နိုင်မယ်လို့ဆိုပါတယ်။ Apple နဲ့ Samsung တို့ရဲ့ အကောင်းဆုံးဖုန်းတွေမှာတောင် ISO 6,400 ထိပဲအမြင့်ဆုံးရပါသေးတယ်။

Huawei P20 Pro ရဲ့ ကင်မရာ ၃ လုံးမှာ 5x Hybrid zoom function လည်းပါဝင်ပါတယ်။ ပုံမှန်အားဖြင့် ကင်မရာ ၃ လုံးရဲ့ပူးပေါင်းလုပ်ဆောင်မှုကနေ ဖုန်းရဲ့ Built-in Camera app ကနေတဆင့် Zoom Button ကိုနှိပ်၍ဖြစ်စေ ၊ Screen ပေါ်မှာ လက် ၂ ချောင်းနဲ့ဆွဲချဲ့၍ဖြစ်စေ 3x Optical Zoom အနေအထားထိချဲ့လို့ရပါတယ်။ အဲဒါ့မှမလုံလောက်သေးရင်တော့ 5x အနေအထားထိချဲ့လို့ရပါသေးတယ်။ Samsung Galaxy S9 လိုပဲ Super Slow Motion HD video feature ပါဝင်တာကြောင့် 960 fps Super Slow Motion Video တွေကိုလည်းရိုက်ကူးနိုင်ဦးမှာပါ။ Huawei Mate 10 Pro မှာလိုပဲ Huawei P20 Pro မှာလည်း Kirin 970 Processor ကိုအသုံးပြုထားပြီး ယင်း AI Chipset ရဲ့တွဲဖက်လုပ်ဆောင်မှုနဲ့အတူ Scene Detection feature ပါဝင်တာကြောင့် ဓာတ်ပုံရိုက်တဲ့အခါ ဘာကိုရိုက်နေတာလဲ ၊ ဘယ်အရာဝတ္တုကိုချိန်ထားတာလဲဆိုတာအလိုလျောက် သိနိုင်ပြီး သင့်လျော်လိုက်ဖက်တဲ့ ကင်မရာ setting အနေအထားကို auto ပြောင်းပေးတာကြောင့် ကောင်းမွန်တဲ့ပုံရိပ်တွေကိုရရှိစေနိုင်မှာပါ။

Shot with P20 Pro

Huawei P20 Pro မှာ RAM 6GB , Storage 128 GB ပါဝင်ပါတယ်။ ရှေ့မျက်နှာပြင် ဒီဇိုင်းကတော့ iPhone X လိုပဲ Notch ပါဝင်တဲ့ Full HD+ OLED Display နဲ့ဖြစ်ပြီး Screen Resolution အနေနဲ့ 1080 x 2244 pixels ဖြစ်ပြီး Screen Size အနေနဲ့ 6.1 inches ဖြစ်ပါတယ်။ ဖုန်းရဲ့နောက်ကျောဘက်ခြမ်းဟာလည်း ယခင် P စီးရီးစမတ်ဖုန်းတွေလိုမဟုတ်တော့ဘဲ Huawei Mate 10 Pro ကဲ့သို့ ဖန်သားပြင်ဒီဇိုင်းနဲ့ဖြစ်သွားပါပြီ။

Huawei P20 Pro ဟာ စမတ်ဖုန်းကင်မရာတွေကို အကဲဖြတ်ပေးနေတဲ့ Dx0 Mark မှာတော့ ရမှတ်အများဆုံးအနေနဲ့ 109 မှတ်အထိရရှိထားတာကိုလည်းတွေ့ရပါတယ်။ ရေစိုခံစမတ်ဖုန်းလည်းဖြစ်ပါတယ်။ Battery ပမာဏအားဖြင့်လည်း 4,000 mAh ပမာဏထိထည့်သွင်းပေးထားတာကြောင့် Battery ပမာဏအများဆုံးတပ်ဆင်ပေးထားတဲ့ ထိပ်တန်းစမတ်ဖုန်းတစ်လုံးလို့ဆိုရမှာပါ။ P20 Pro ဟာ ဈေးနှုန်းအနေနဲ့မြန်မာငွေ ၁၄ သိန်းဝန်းကျင်ဖြစ်ပြီး ဧပြီလ ၆ ရက်နေ့မှာစတင်ရောင်းချမယ်လို့သိရပါတယ်။

သက်နိုင်စိုး (Myanmar Mobile App)
www.myanmarmobileapp.org