YouTube Offline ဗွီဒီယို ကြည့်နိုင်ခြင်းကို နိုင်ငံပေါင်း ၁၂၅နိုင်ငံ အထိ ရနိုင်တော့မည်

0
1783

ဗီဒီယိုတွေကို offline ကြည့်ဖို့ဒေါင်းလုတ်ဆွဲနိုင်တဲ့ feature ကိုတော့ ၂၀၁၄ခုနှစ်ကတည်းက YouTube က မိတ်ဆက်ခဲ့တာပါ။ စတင်ခဲ့တဲ့နိုင်ငံကတော့ အိန္ဒိယဖြစ်ပြီး နောက်ပိုင်းမှာ တဖြည်းဖြည်း ပျံ့နှံသွားခဲ့ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းအရ နိုင်ငံပေါင်း ၁၂၅နိုင်ငံအထိ ရနိုင်တော့မှာပါ။

ဗွီဒီယိုတွေကိုဒေါင်းလုတ်ဆွဲနိုင်ခြင်းက အင်တာနက်လိုင်းမကောင်းတာမျိုး၊ လိုင်းမရှိတဲ့အခြေအနေမျိုးအတွက် အသုံးဝင်မယ်ဆိုတာကတော့ ပြောဖို့တောင်မလိုပါဘူး။ ဒါပေမယ့်လည်း ဒီ feature မှာ ကန့်သတ်ချက်လေးတွေရှိနေပါတယ်။

ဗွီဒီယိုတွေကို မိုဘိုင်းလ်app အသုံးပြုပြီးတော့သာ ဒေါင်းလုတ်ဆွဲနိုင်မှာပါ။ ကွန်ပျူတာနဲ့ မရသေးပါဘူး။ ဗွီဒီယိုတွေကို ၄၈နာရီအတွင်းမှာသာ ကြည့်ရှုနိုင်ပါတယ်။ ၄၈နာရီထက်ပိုလိုချင်ရင်တော့ အင်တာနက်လိုင်းနဲ့ ပြန်လည်ချိတ်ဆက်ပြီးတော့ ဒေါင်းလုတ်ဆွဲပေးရမှာဖြစ်ပါတယ်။ တချို့ဗွီဒိယိုတွေဟာ လုံးဝကို offline ကြည့်မရတာမျိုးတွေလည်း ရှိပါတယ်။

ဒါပေမယ့် ဗွီဒီယိုတွေကိုဒေါင်းလုတ်ဆွဲခြင်းက ခလုတ်လေးတစ်ချက်နှိပ်လိုက်ရတာမို့ လွယ်ကူပါတယ်။ ဒေါင်းလုတ်ဆွဲနေရင်းနဲ့ အလယ်မှာ အင်တာနက်ပြတ်သွားမယ်ဆိုရင်လည်း ပြန်လည်ချိတ်ဆက်ချိန်မှာ အလိုအလျောက် resume ပြန်ဖြစ်သွားမှာပါ။

YouTube Red ဆိုတဲ့ YouTube ရဲ့ လစဉ်ကြေးပေးရတဲ့ဝန်ဆောင်မှုလေးကတော့ ၂၀၁၅ခုနှစ်ကတည်းက offline ကြည့်ခွင့်ပေးထားတဲ့ဗားရှင်းတစ်ခု ဖြစ်ပါတယ်။ လက်ရှိမှာတော့ ယူအက်စ်၊ သြစတေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယားတို့မှာ ရနေပါပြီ။

ပြီးခဲ့တဲ့နှစ်ပတ်လောက်က Youtube ရဲ့ စီအီးအို Susan Wojcicki က YouTube ဟာ မတ်လ၂၀၁၈ခုနှစ်မှာ ဒီလုပ်ဆောင်ချက်ကို နိုင်ငံပေါင်း ရာနဲ့ချီပြီး အသုံးပြုနိုင်တော့မယ်လို့ ပြောကြားခဲ့ပါတယ်။