မိဘတွေဆိုတာ ရင်သွေးတွေရဲ့ဘဝကို ကျွေးမွေးပြုစုရသလို သူတို့ရဲ့ နေ့စဉ်ဘဝမှာ စည်းကမ်းထိန်းသိမ်းတက်အောင် တာဝန်ယူနိုင်စွမ်းရှိလာအောင် သင်ယူတတ်မြောက်စေဖို့လည်းလိုလှပါတယ်။ ဆယ်ကျော်သက်အရွယ်တွေဆိုတာ အုပ်ထိန်းရတာ ပိုပြီးခက်ခဲလာတတ်တဲ့ အရွယ်ပါ။
အခုအဖြစ်အပျက်ကတော့ မိမိရဲ့ဆယ်ကျော်သက်အရွယ်သားဟာ ကလေးသူငယ်လုံးတီးပုံတွေ ဖုန်းထဲခိုးရိုက်သိမ်းထားတာကို လက်ပူးလက်ကြပ်မိသွားတဲ့ ဖခင်ဖြစ်သူရဲ့ရင်နာစရာကိစ္စပါ။ ကိုယ်သာဆို ဘယ်လိုဖြေရှင်းမလဲလို့ မိဘတိုင်းစဉ်းစားကြည့်ကြစေချင်ပါတယ်။
ဖခင်ဖြစ်သူ Paul ကတော့ သား Andrew ကို ရဲလက်တန်းအပ်ပြီး အချုပ်ထဲထည့်လိုက်ပါတယ်။
ကလေးလေးဟာ Andrew ရဲ့ရည်းစားဖြစ်သူရဲ့ ဆွေမျိုးရင်းခြာတယောက်ပါ။
“နှစ်နှစ်သမီးကလေးရဲ့ အိပ်နေတုန်း အနီးကပ်ပုံတွေကို သားဖုန်းထဲ တွေ့တော့ ကျနော်စိတ်အခြေအနေက အတော်ဆိုးဆိုးဝါးဝါးပဲ။ ” Paul က Daily Mail နဲ့ အင်တာဗျူးမှာပြောပါတယ်။
Andrew ကတော့ ကျောင်းက ကလေးသူငယ်ဆီ လိင်စံလွဲတပ်မက်စိတ်ရှိတဲ့ အတန်းဖော်တယောက်ဆီ ဒေါ်လာ ၃၅၀ နဲ့ ရောင်းမလို့ပါ လို့ အဖေဆီပြောပေမယ့် ရဲလက်ထဲရောက်ခဲ့ပါတယ်။
Child Pornography ဟာ ကြီးလေးတဲ့ ပြစ်ဒဏ်တခုပါ။
အခု Andrew ဟာ အချုပ်ထဲရောက်နေပါပြီ။ ဒေါ်လာတသောင်းနဲ့ အာမခံယူနိုင်ပေမယ့် အဖေဖြစ်သူက လုံးဝငြင်းဆန်ပါတယ်။
” သူ့ကိုယ်သူ အတော်စိတ်ပျက်နေပါပြီ။ အချုပ်ထဲမှာ အတော်ထိတ်လန့်နေရောပေါ့။ သူ့ကို အာမခံနဲ့သွားထုတ်လို့ရပေမယ့် သူနောင်တရဖို့ လိုပါတယ်။ ကျနော့်သားကို သင်ယူကျော်ဖြတ်သွားစေချင်တာပဲ။ ”
အရင်ကလည်း Andrew က အကြိမ်ကြိမ်ခိုးယူဖူးတဲ့အပေါ် Paul က
” သူတကယ်ခိုးတာပါ။ ဒါပေမယ့် ဒီလို လိင်စံလွဲစိတ်တော့ သူ့မှာမရှိပါဘူး။ ဓာတ်ပုံတွေက သူငွေရအောင် ရောင်းဖို့ သက်သက်ပဲဆိုတာ ကျနော်ယုံကြည်ပါတယ်။ ကျောင်းမှာ ဒါမျိုးမှ ဝယ်ချင်တဲ့ကလေးတွေရှိပါတယ်။”
Paul ဟာ ကလေးငယ်လေးရဲ့ မိသားစုဆီလည်း ဆက်သွယ်တောင်းပန်ခဲ့သလို သူတို့ကလည်း Andrew ကို အသာတကြည် ခွင့်လွှတ်ကြပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရမယ်ဆိုရင်တော့ Andrew ထောင်ဒဏ်လေးနှစ်ကျခံရမှာပါ။ ဖခင်ဖြစ်သူကတော့ သားအတွက် ရှေ့နေငှါးပေးမပေး မဆုံးဖြတ်ရရှာသေးပါဘူး။