အနာဂတ်မှာ စားသုံးရတော့မယ့် နည်းပညာမြင့် အစားအသောက် ၉ မျိုး

0
1677

နည်းပညာတိုးမြင့်မှု၊ လူဦးရေတိုးပွားလာမှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုနဲ့အတူ လူသားတွေရဲ့ စားသောက်မှုပုံစံတွေဟာလည်း ပြောင်းလဲလာတော့မယ်လို့ ကမ္ဘာ့သက်ရှိများရဲ့ အစားအသောက်နဲ့ ကျန်းမာရေးကို သုတေသနပြုထားတဲ့ စစ်တမ်းတွေမှာ ရေးသားလာခဲ့ကြပါတယ်.. ဘယ်လိုအစားအသောက်ပုံစံတွေ ပြောင်းလဲလာနိုင်သလဲ..

ပညာရှင်တွေ ခန့်မှန်းထားတဲ့ အနာဂတ်ကာလမှာ လူတွေ စားသုံးလာကြမယ့် နည်းပညာမြင့် အစားအသောက် ၉ မျိုးကို ဖေါ်ပြပေးလိုက်ပါတယ်..

၁။ အင်းဆက်
ကမ္ဘာ့ကုလသမဂ္ဂ အစားအသောက်နဲ့ စိုက်ပျိုးရေးအဖွဲ့ကြီးရဲ့ အစီရင်ခံစာအရ ကမ္ဘာပေါ်မှာ အင်းဆက်ကို စားသုံးနေတဲ့လူဦးရေဟာ အနည်းဆုံး သန်းပေါင်း ၂ ထောင်လောက်ရှိတယ်လို့ဆိုပါတယ်.. အချို့လူများအဖို့ အင်းဆက်တွေကို စားသောက်ရမှာ ရွံ့စရာကောင်းပေမယ့် အင်းဆက်တွေမှာ အဆီ၊ အသားဓာတ်၊ ဗီတာမင်၊ အမျှင်ဓာတ်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်ပါတယ်..
ပုရစ်၊ နှံကောင် စတဲ့ အင်းဆက်တွေဟာ လူတွေအစားသောက်ဆုံး အင်းဆက်တွေဖြစ်ပြီး မကြာခင်ကာလအတွင်းမှာ အသားငါးတွေထက် အင်းဆက်စားသုံးမှုဟာ ပိုမိုတွယ်ကျယ်လာနိုင်ဖွယ်ရာရှိပြီး အင်းဆက်နဲ့ပတ်သက်တဲ့ စားသောက်ကုန်အချို့ဟာ ဝက်ပေါင်ခြောက်တို့လို၊ မြေပဲထောပတ်တို့လို ထူးခြားကောင်းမွန်တဲ့အရသာတွေနဲ့ ထုတ်လုပ်လာနိုင်ဖွယ်ရာရှိနေပါတယ်..

၂။အသက်ရှုသွင်း/ထုတ် လုပ်ရုံနဲ့ ရလာမယ့် ရေညှိ
ရေညှိအများစု(ဥပမာ-ပင်လယ်ရေမှော်)မှာ ကျန်းမာရေးအတွက် အလွန်အထောက်အကူပြုတဲ့ အိုမီဂါ၃-ဖက်တီးအက်ဆစ်လို အာဟာရဓာတ်တွေ မြင့်မားစွာပါဝင်တတ်ပါတယ်… တီထွင်ဖန်တီးသူနဲ့ ဒီဇိုင်နာများဖြစ်ကြတဲ့ Michael Burton and Michiko Nitta တို့ဟာ အစောပိုင်းကာလကတည်းက အထူးတီထွင်ထားတဲ့ မျက်နှာဖုံးကိုအသုံးပြုပြီး အသက်ရှုသွင်း/ရှုထုတ်လုပ်ရုံနဲ့ ရေညှိထုတ်လုပ်နိုင်ကြောင်း အကြံပြုခဲ့ကြပါတယ်..
အဆိုတော်တစ်ယောက်ဆီမှာ အထူးမျက်နှာဖုံးကိုတပ်ဆင်ပြီး ရေညှိထုတ်လုပ်ပုံကို လန်ဒန်မြို့ V&A ပြတိုက်မှာ ပြသနိုင်ခဲ့ကြပါတယ်…

၃။ ဓာတ်ခွဲခန်းထုတ် အသား
ဓာတ်ခွဲခန်းကနေ အသားတွေထုတ်လုပ်ခြင်းဟာ အသားငါးအလွန်အမင်းဖမ်းဆီးမှု၊ ဓာတ်ငွေ့အလွန်အကျွံသုံးစွဲမှု၊ တိရစ္ဆာန်တွေရဲ့ ဂေဟစနစ်ပျက်စီးစေမှုတွေကို ထိန်းသိမ်းကာကွယ်ဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်..
Memphis Meats လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုဟာ တိရိစ္ဆာန်တွေဆီက အသားမျှင်လေးတွေကို မနာမကျင်စေတဲ့နည်းလမ်းနဲ့ထုတ်ယူပြီး ဓာတ်ခွဲခန်းမှာ အသားဖန်တီးတဲ့စနစ်ကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်.. လောလောဆယ်မှာတော့ အသားတွေရဲ့ ဈေးနှုန်းဟာ ၄၅၀ ဂရမ်ကို ဒေါ်လာ ၂၄၀၀ လောက် ပေးနေရပါတယ်..

၎။ သုံးဖက်မြင်ပရင်တာက ထုတ်လုပ်တဲ့ အစားအသောက်များ
အရင်က ပရင်တာဆိုတာ စာတွေ ပရင့်လုပ်ဖို့၊ ဓာတ်ပုံတွေထုတ်ဖို့လောက်သာ အသုံးပြုနိုင်ခဲ့ကြပေမယ့် သုံးဖက်မြင်ပရင်တာတွေဟာ သတ္တုတွေ၊ ပလပ်စတစ်တွေကို အရာဝတ္တုတွေအဖြစ် ဖန်တီးနိုင်ရုံမက ချက်ပြုတ်ခြင်း၊ အစားအသောက်ပြင်ဆင်ခြင်းတွေကိုပါ ပြုလုပ်လာနိုင်ပါပြီ..
ဒတ်ခ်ျ ဒီဇိုငနာတစ်ဦးဖြစ်သူ Chloe Rutzerfeld က အစားအသောက်ရောနှောခြင်း၊ သစ်ပင်ပန်းမန်စိုက်ပျိုးခြင်းနှင့် သုံးဖက်မြင်စနစ်ပုံနှိပ်ခြင်းတွေကို အကြံပြုဆွေးနွေးခဲ့တာပါ..
မျိုးစေ့အမျိုးမျိုးနဲ့ မြေဆီလွှာပါတဲ့ ဂျုံကိုအခြေခံထားတဲ့ ပုံးလေးတွေ Print လုပ်မယ်.. ရက်နည်းနည်းကြာတဲ့အခါ အဲဒီ ပုံးလေးတွေထဲက မျိုးစေ့လေးတွေဟာပုံးကိုဖောက်ထွက်ပြီး အပင်လေးတွေပေါက်လာမယ်.. ဒါပေမယ့် ဒီ ဒီဇိုင်းကတော့ တွေးတောကြံဆချက်တစ်ခုပဲရှိနေပါသေးတယ်..

၅။ စားလို့ရတဲ့ ရေပုလင်း
လန်ဒန်အခြေစိုက် Seaweed-Tech အဖွဲ့ဟာ ပလပ်စတစ်ရေပုလင်းတွေနေရာမှာ စားလို့ရတဲ့ ပင်လယ်ရေညှိပုလင်းတွေကို ထုတ်လုပ်ဖို့ ဆောင်ရွက်နေကြပြီဖြစ်ပါတယ်.. ရေသန့်ဘူးကနေ ရေကို မော့သောက်နေစရာမလိုဘဲ ရေဖြည့်ထားတဲ့ ပင်လယ်ရေညှိပုလင်းလေးကို ဝါးစားလိုက်ရုံပါပဲ.. အခွံလည်း လွှင့်ပစ်ရာမလိုတော့ဘူးပေါ့..
ဈေးကွက်တင်နိုင်တဲ့အခြေအနေရောက်ရင်တော့ စားလို့ရတဲ့ ရေပုလင်းအပြင် အခြား အချိုရည်အမျိုးမျိုးနဲ့ အလှပြင်ပစ္စည်းအမျိုးမျိုးတွေကိုပါ ထည့်သွင်းရောင်းချနိုင်တော့မှာပါ.. ပင်လယ်ရေညှိနဲ့လုပ်ထားတဲ့ အဲဒီ ပုလင်းလေးတွေက ပလပ်စတစ်ပုလင်းတွေထက် ဈေးပိုသက်သာတယ်လို့ဆိုပါတယ်.. လူသန်းပေါင်းများစွာနေ့စဉ်သုံးစွဲနေတဲ့ ပလပ်စတစ်နေရာမှာ ဒီလို ဈေးသက်သာတဲ့ ရေညီပုလင်းလေးတွေအစားထိုးလာနိုင်တာဟာ ပလပ်စတစ်ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို အဓိက အထောက်အကူဖြစ်စေလိမ့်မယ်လို့ ဆိုပါတယ်..

၆။ ငါးနဲ့ပင်လယ်စာအတုများ
အမဲသားတွေကိုသာ ဓာတ်ခွဲခန်းက ထုတ်လုပ်နိုင်တာမဟုတ်ပါဘူး.. ငါးတွေကိုလည်း ဓာတ်ခွဲခန်းက ထုတ်လုပ်နိုင်ပြီဖြစ်ပါတယ်..
၂၀၀၂ ခုနှစ်မှာ Touro College က သိပ္ပံပညာရှင်တစ်စုဟာ နွားတွေကရတဲ့ သွေးရည်ကြည်ကို အသုံးပြုပြီး ငါးအသားနှစ်တွေ ဖန်တီးနိုင်ရာကနေ ငါးပေါက်စလေးတွေကို တီထွင်နိုင်ခဲ့ပါတယ်…
လာမယ့်အနာဂတ်ကာလ စားသောက်ကုန်ပြောင်းလဲမှုဖြစ်စဉ်တွေမှာ ပုစွန်တုတ်တွေ၊ ဂဏန်းတွေ စတဲ့ ပင်လယ်စာတွေအစား ပင်လယ်ရေညှိကို အခြေခံပြီး ဓတ်ခွဲခန်းတွေကတော့ ထုတ်လုပ်လိုက်တဲ့ ငါး/ပုစွန်တွေက နေရာယူလာတော့မှာဖြစ်ပါတယ်..

၇။ ကျန်းမာရေးနဲ့ညီမညီ စစ်ဆေးနိုင်တဲ့ စက်
သာမန်လူတွေအဖို့ ကိုယ်စားတဲ့အစားအသောက်တွေဟာ ကျန်းမာရေးနဲ့ ညီမညီ သိနိုင်ဖို့ ခဲယဉ်းပါတယ်.. အဲဒီပြဿနာကိုဖြေရှင်းဖို့ TellSpec Food Scanner က တာဝန်ယူလာပါလိမ့်မယ်.. TellSpec Food Scanner ဆိုတာ ကိုယ်စားမယ့်အစားအစာကို စကင်ဖတ်လိုက်ရုံနဲ့ အစားအစာအမျိုးအစားအလိုက် ပါဝင်တဲ့ အာဟာရဓာတ်၊ ကယ်လိုရီ၊ ဓာတုပါဝင်နိုင်ချေရှိတဲ့နှုန်းတွေကို ဖေါ်ပြပေးတဲ့စက်ဖြစ်ပါတယ်.. အနာဂတ်ကာလမှာ အဲဒီစက်တွေတွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ကြမှာဖြစ်ပြီး Smartphone တွေမှာတောင် အဲဒီစနစ်ကို ထည့်သွင်းရောင်းချလာနိုင်ပါတယ်..

၈။ DNA အခြေခံ အစားအသောက်ပစ္စည်းများရွေးချယ်ခြင်း
DNA ကို ကိုယ့်အိမ်မှာကိုယ်တိုင် စစ်ဆေးနိုင်တဲ့အခြေအနေရောက်လာရင် Application လေးတစ်ခုအသုံးပြုပြီး ဘယ်အစားအစာတွေက ကျန်းမာရေးနဲ့ညီညွတ်မယ်၊ ဘယ်အစားအစာကိုစားရင်တော့ အိပ်စက်ခြင်းကို အထောက်အကူပြုမယ်၊ ဘယ်အစားအစာတွေကတော့ ပိုမိုသင့်တော်မယ် ဆိုတာကို ကောင်းကောင်းသိရှိနိုင်ပြီး အစားအသောက်အတွက် ကုန်ကျစရိတ်ကို ချွေတာနိုင်တော့မှာဖြစ်ပါတယ်. ကိုယ့် DNA ရဲ့အခြေအနေပေါ်မူတည်ပြီး ရှောင်ရမယ့်အစားအသောက်၊ မဖြစ်မနေ စားရမယ့် အစားအသောက်တွေကို တစ်ဦးချင်းစီရွေးချယ်စားသုံးနိုင်တော့မှာဖြစ်ပါတယ်.. အချို့ကုမ္ပဏီကြီးတွေဟာ DNA အလိုက် သင့်တော်မယ့် အစားအသောက် Package တွေကို ထုတ်လုပ်ရောင်းချဖို့ အဆင်သင့်နီးပါးဖြစ်နေကြပါပြီ..

၉။ ဝါးစားနိုင်တဲ့ ကော်ဖီ
ကော်ဖီမှုန့်တွေ၊ အသင့်ဖျော်သောက်နိုင်တဲ့ Instant ကော်ဖီတွေ၊ ကော်ဖီဖျော်စက်တွေနေရာမှာ အစားထိုးလာတော့မယ့် ဝါးစားနိုင်တဲ့ ကော်ဖီခဲလေးတွေဟာ ဈေးကွက်ထဲကို ထိုးဖောက်လာပါတယ်.. ကော်ဖီဖျော်စက်အတွက် ကုန်ကျစရိတ်၊ ကော်ဖီသောက်ချိန်တွေကိုလျှော့ချပြီး အလုပ်လုပ်ရင်း၊ နားနေရင်းနဲ့ ကော်ဖီခဲလေးတွေကို ငုံပြီး ကိုယ်ကြိုက်တဲ့စာစောင်လေးဖတ်ရတဲ့အရသာဟာ တော်တော် ကြည်နူးစရာပါ..

ဖေါ်ပြခဲ့တဲ့ (၉)မျိုးထဲက သင်ရော ဘယ်လိုအမျိုးအစားကို စားသောက်ချင်လာမှာလဲ။