ဂျပန်လူမျိုးတွေဟာ စည်းကမ်းအရမ်းကြီးကြတယ်။ တီထွင်ဆန်းသစ်ကြံဆနိုင်စွမ်းရှိကြတယ်။ စိတ်ရှည်လက်ရှည် ရှိတတ်ကြတယ်။ လုပ်ရည်ကိုင်ရည်လည်း ပြည့်ဝကြတဲ့ လူမျိုးတွေပါ။ အရမ်းလေးစားစရာကောင်းတဲ့ အရည်အသွေးတွေပါ။ ဒီလိုအရည်အသွေးတွေနဲ့ ပြည့်ဝတဲ့ ဂျပန်အနုပညာရှင်တယောက် ရှိပါတယ်။ သူက Tatsuo Horiuchi ပါ။
အသက်က ၇၇ နှစ်ရှိပါပြီ။ သူ့ရဲ့ အနုပညာရည်ပြည့်ဝတဲ့ တီထွင်ဖန်တီးမှုတွေကြောင့် နာမည်ကျော်ကြားလာသူပါ။ သူ့ကို Visual Artist တဦးလို့ပဲ ဆိုရမှာပါ။ သူရေးဆွဲထားတဲ့ တောတောင်ရေမြေ ရှူခင်းပန်းချီတွေက တကယ်ကို အထင်ကြီးလောက်စရာပါပဲ။ သူရေးဆွဲပုံက တကယ်ဆန်းသစ်တဲ့နည်းပါ။ Microsoft Excel ကို အသုံးပြုပြီး ရေးဆွဲထားခြင်းပါပဲ။
သူ့အလုပ်ကနေ အငြိမ်းစားပင်စင်ယူပြီးတဲ့နောက်မှာ သူက အနုပညာဖန်တီးမှုနောက်ကို လိုက်စားဖို့ စိတ်အားထက်သန်လာပါတယ်။ အနုပညာရည်ပြည့်ဝပြီး ဖန်တီးဆန်းသစ်တတ်သလို စေးနှဲတယ်ပဲဆိုရမလား။ ဈေးကြီးပေးရမယ့် ပန်းချီဆေးပစ္စည်းတွေ ကွန်ပျူတာဆော့ဖ်ဝဲတွေကို သူကမသုံးပါဘူး။ ဒီလိုနဲ့ Excel ဆော့ဖ်ဝဲကို အသုံးပြုပြီး အနုတစိတ်လှပလွန်းလှပြီး ရောင်စုံတောက်ပနေတဲ့ ရှူမျှော်ခင်းပန်းချီပုံတွေကို သူရေးဆွဲဖြစ်ခဲ့ပါတယ်။
ဒီပညာရှင်ကြီးက Microsoft Paint ကိုတောင် Excel လောက်မကြိုက်ခဲ့ပါဘူး။ ဇယားတွေ ဂရပ်တွေ ရေးဆွဲဖို့အတွက် Excel ထဲ နဂိုထဲကထည့်သွင်းပေးထားတဲ့ Vector Drawing Tools တွေကို သုံးပြီး သူရေးဆွဲပါတယ်။ ဒီဆော့ဖ်ဝဲနဲ့ ပိုရင်းနှီးလာတော့ သူရဲ့ထွင်ဥာဏ်အရကို ဂျပန်ကျေးလက်တောနယ်ရဲ့ အနှစ်သာရပိုင်းတွေကို မြင်ကွင်းကျယ်ပန်းချီတွေ ဆွဲလာနိုင်ခဲ့ပါတယ်။
Horiuchi ကို Microsoft Excel ရဲ့ Michelangelo လို့အမည်ကင်ပွန်းတပ်ခဲ့ကြပါတယ်။
သူ့အကြောင်းကို ပိုသိရဖို့ အင်တာဗျူးလုပ်ခဲ့ရာမှာ သူက ခုလိုဆိုပါတယ်။
“ကျနော် ဒါကိုစလုပ်တော့ စမ်းသပ်လိုစိတ် နဲ့ ပြင်းပြင်းပြပြဖောက်ထွက်လိုတဲ့စိတ်တခုက အမြဲရှိခဲ့တာပါ။ ငါ့ကွန်ပျူတာနဲ့ ပန်းချီဘယ်လိုရေးရင်ကောင်းမလဲ။ ကျနော် စဉ်းစားဖြစ်ပါတယ်။ ပန်းချီဆေးဖိုးတွေ မကုန်ရဘူးဗျာ။ ရေတွေဘာတွေနဲ့ အထူးတလည်လုပ်စရာ မလိုရဘူးဗျာ။ အဲ့လို တိုရေရှားရေနိုင်တဲ့ ကျနော့်စိတ်ကူးကြောင့်ပဲ Excel ကိုသုံးရတာ ကျနော်ပိုနှစ်သက်လာဖြစ်တာပါ။ ”
” ၂၀၀၀ ခုနှစ်မှာ ကျနော် Excel နဲ့ ပန်းချီစဆွဲပါတယ်။ ကျနော် ထားတဲ့ပန်းတိုင်ကဘာလဲဆိုတော့ နောက်ဆယ်နှစ်ဆိုတဲ့ကာလတခုအတွင်းမှာ လူတွေဆီကို ပြလောက်စရာရှိမယ့် ပန်းချီကောင်းကောင်းတခုတော့ရအောင် ငါဆွဲမယ် ဆိုတာပါ။ ”
“ကျနော့်ကို အများကြီးလှောင်ခဲ့ကြပါတယ်။ မင်းဘာတွေလုပ်နေတာလဲပေါ့။ အလုပ်မဖြစ်မယ့်ကိစ္စတွေပါကွာ။ မင်းရူးနေလားတဲ့။ ဟုတ်ပါတယ် ကျနော်တကယ်ရူးခဲ့တာပါ။”
ပန်းတိုင်တခုကိုသတ်သတ်မှတ်မှတ်ကိုင်စွဲပြီး ဒီပန်းတိုင်ကိုအောင်မြင်ဖို့လိုအပ်တဲ့ အချိန် နဲ့ လုပ်အားကို စိတ်ရှည်သည်းခံထားပြီး ရင်းနှီးမြှုပ်နှံခဲ့တဲ့သူ Horiuchi ဟာ အတုယူစရာ စံနမူနာထားထိုက်သူတဦးပါပဲ။