Facebook ထုတ်ကုန် Portal Video Chat ကိရိယာသည် ၄၉၉ဒေါ်လာထိကျသင့်နိုင်

0
1303

Facebook ဟာမကြာခဏဆိုသလို ဈေးကွက်တွင်နောက်ကျပြီးမှဝင်လာလေ့ရှိပေမယ့် အခြားသော လုပ်ငန်းစုများကို Messaging application များမှ Photo Sharing အထိဈေးကွက်တွင် ပြိုင်ဖက်မရှိအုပ်စိုးခွင့်တော့ ပေးလေ့မရှိပါဘူး။ ထို့ကြောင့် Portal ဟုခေါ်သည့် Video Chat ကိရိယာလေးကို Facebook မှဖန်တီးနေသည်မှာ မဆန်းလှပါဘူး။ အဆိုပါကိရိယာကို ၂၀၁၈ခုနှစ်ဝက်တွင် စတင်ဖြန့်ချီမည်ဟု သိရပါတယ်။

အွန်လိုင်းသတင်းကွန်ရက်တစ်ခုဖြစ်သည့် Cheddar မှသတင်းများအရ အဆိုပါစက်ကိရိယာလေးဟာ Amazon ၏ အသံနှင့်ထိန်းချုပ်သည့် Virtual Assistant နှင့် အပြန်အလှန်ဆက်သွယ်နိုင်မည့် Display ဖြစ်သည့် Echo Show နှင့်ဆင်တူပါတယ်။ သို့သော် Portal သည့်အမြင်အားဖြင့် Echo Show နှင့်ဆင်တူသော်လည်း Facebook အနေနဲ့ အဆိုပါကိရိယာလေးကို မိသားစုဝင်များကြား ဗီဒီယိုဖုန်းခေါ်ဆိုမှုများနှင့် Social Feature များဖြင့် ဆက်သွယ်မှုရှိနေစေရန် ဦးတည်ထားတာပါ။

Cheddar မှသတင်းများအရ ဒါဟာ Facebook ၏ပထမဆုံးသောလူ့အသုံးအဆောင်စက်ပစ္စည်းတစ်ခုဖြစ်ပြီး အိမ်သုံးရုံးသုံးအဖြစ်ပါဖန်တီးတည်ဆောက်ထားခြင်းဖြစ်ပါတယ်။ အခြားသော Smart Speaker များကဲ့သို့ပင် ယခုထုန်ကုန်ကို Indoor အသုံးချပစ္စည်းအဖြစ်အသုံးပြုရန်ရည်ရွယ်ထားပြီး အသံဖြင့်အမိန့်ပေးထိန်းချုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ သတင်းအရင်းအမြစ်များအရ အဆိုပါ Portal Video Chat စက်ပစ္စည်းတွင် လူ့မျက်နှာများကို မှတ်သားနိုင်ပြီး သူတို့ရဲ့ Facebook  Account ဖြင့်ပါ အလိုအလျောက် ချိတ်ဆက်တွဲဖက်ပေးသွားမည့် မြင်ကွင်းကျယ် မှန်ဘီလူးပါဝင်မှာဖြစ်ပါတယ်။

အခြားသော Smart Speaker များနှင့်ဆင်တူပြီး Facebook ၏ Portal ဟာ Spotify နှင့် Netflix ကဲ့သို့သော ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ဝန်ဆောင်မှုများကိုလည်း အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ Facebook မှမကြာသေးခင်ကပဲ Sony/ATV နှင့် Universal Music Group တို့နှင့်အတူ လိုင်စင်သဘောတူညီချက်များ ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ယခု ကုမ္ပဏီ၏ရေရှည်အစီအစဉ်များကို စတင်စဉ်းစားကြည့်လို့ရပါပြီ။

Facebook အနေနဲ့လက်ရှိတွင် အဆိုပါထုတ်ကုန်သစ်ကို မေလတွင်းတွင် ကျင်းပမည့် သူ့ရဲ့ F8 Developer Conference တွင် မိတ်ဆက်ပေးသွားရန် နှင့် ယခုနှစ်ကုန်ပိုင်းတွင် စတင်ရောင်းချရန် စီစဉ်ထားရှိပါတယ်။ Facebook ၏ CEO ဖြစ်သူ Mark Zuckerberg မှတော့ Portal သည်အကျိုးအမြတ်ထက် လူတိုင်း၏အိမ်တွင် အသုံးပြုနိုင်စေရန်သာ ပိုမိုအရေးကြီးကြောင်း ၀န်ထမ်းများအား ပြောကြားခဲ့သော်လည်း လက်ရှိလျာထားဈေးနှုန်းမှာ ၄၉၉ဒေါ်လာရှိနေပြီး ဒါဟာ Amazon ၏ ဒေါ်လာ၂၃၀သာကျသင့်သည့် Echo Show ထက်နှစ်ဆပိုမို ဈေးနှုန်းကြီးမားနေပြီး အများစုအတွက်လက်လှမ်းမမှီနိုင်သည့် ဈေးနှုန်းဖြစ်နေပါတယ်။ Portal ကိုစတင် မိတ်ဆက်ပြီးတာနှင့် အွန်လိုင်းမှရော နယ်မြေဆိုင်ခွဲများတွင်ပါ ရောင်းချသွားမှာဖြစ်ကြောင်း သိရပါတယ်။