ဒီ UV အာရုံခံကိရိယာလေးက သင့်ရဲ့လက်သည်းခွံပေါ်မှာ တင်ထားနိုင်ပြီးတော့ နေရောင်ထိတွေ့မှုပမာဏကို ခြေရာခံနိုင်ပါတယ်။ ရေစက်သာသာခလုတ်လေးတစ်ခုကနေပြီးတော့ အရေပြားကင်ဆာကာကွယ်ပေးနိုင်ဖို့ အသုံးဝင်အချက်အလက်တွေကို ပေးနိုင်မယ်ဆိုရင် ယုံမလား။
အဲဒီကိရိယာကတော့ CES 2018 မှာ L’Oreal က ထုတ်ပြလိုက်တဲ့ ပစ္စည်းလေးပဲ ဖြစ်ပါတယ်။ UV ထိတွေ့မှုကိုတိုင်းတာပေးနိုင်တဲ့ ပထမဆုံးသော ဘတ်ထရီမလိုတဲ့ပစ္စည်းလေး ဖြစ်ပါတယ်။ အထူကတော့ ၂မီလီမီတာဖြစ်ပြီးတော့ အချင်းက ၉မီလီမီတာ ဖြစ်ပါတယ်။ ဒီပစ္စည်းလေးကတော့ လက်သည်းပေါ်မှာတင်ထားနိုင်သလို၊ နေကာမျက်မှန် ဒါမှမဟုတ် နေရောင်ထိတွေ့မယ့် ပစ္စည်းတစ်ခုခုပေါ်မှာလည်း တင်ထားနိုင်ပါတယ်။
အကြိမ်ပေါင်းများစွာအသုံးပြုနိုင်သလို ကပ်ခွာကလည်း အကြိမ်ကြိမ်အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် လက်သည်းမှာအလှဆင်မယ့် ပစ္စည်းတစ်ခုလေးအဖြစ်နဲ့ အသုံးပြုနိုင်ပါသေးတယ်။
UV Sense ကတော့ iOS ၊ Android အတွက် အသုံးပြုနိုင်တဲ့ app လေးနဲ့အတူ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ app လေးမှာ NFC ကို အသုံးပြုပြီးတော့ sensor ကရရှိတဲ့အချက်အလက်တွေကို syncs လုပ်ပြီးတော့ ဘာသာပြန်ပေးမှာ ဖြစ်ပါတယ်။ စုစည်းထားတဲ့အချက်အလက်တွေက သုံးစွဲသူတွေကို UV ထိတွေ့မှုနဲ့ပတ်သတ်ပြီးတော့ သတိထားဖို့ ပြောပြပေးနိုင်လို့ သုံးစွဲသူရဲ့ဆုံးဖြတ်ချက်ကို အထောက်အကူပြုစေနိုင်ပါတယ်။
ဥပမာ sensor လေးကို ဖိနပ်မှာတပ်ထားမယ်ဆိုရင်တော့ သင့်ရဲ့ပြေးလမ်းတစ်လျှောက်မှာ UV ထိတွေ့မှုနှုန်းမြင့်မားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့အလေ့အကျင့်ကို နေကာပစ္စည်းတွေအသုံးပြုတာဖြစ်ဖြစ်၊ အရိပ်ရတဲ့နေရာတွေမှာ ပြေးတာဖြစ်ဖြစ် ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။
L’Oreal UV Sense ကတော့ ၂၀၁၈ မှာ အရေပြားအထူးကုပညာရှင်တွေထံကနေ ရရှိနိုင်မယ်လို့ သိရပါတယ်။ တစ်ကမ္ဘာလုံးကို ဖြန့်ချိမှာကတော့ ၂၀၁၉ မှပါ။ ဈေးနှုန်းကတော့ အတိအကျမသိရသေးပေမယ့်လည်း L’Oreal ကတော့ ဒေါ်လာ၄၀အောက် သတ်မှတ်ဖို့ မျှော်လင့်ထားပါတယ်။