CES ပွဲတွင်ပထမဆုံးသော Alexa-enabled AR မျက်မှန်များကို Vuzix မှမိတ်ဆက်ပေးသွားမည်

0
68

        Vuzix မှစမတ်မျက်မှန်များကို ထုတ်လုပ်ဖန်တီးနေသည်မှာ နှစ်အတော်ကြာပြီဖြစ်ပေမယ့် ယခုတစ်ကြိမ် ထွက်ရှိမည့်စမတ်မျက်မှန်မော်ဒယ်သစ်ကတော့ အလွန်ကိုထူးခြားမှာပဲဖြစ်ပါတယ်။

Bloomberg မှသတင်းအရင်းအမြစ်အရ အဆိုပါနယူးယောက်အခြေစိုက်ကုမ္ပဏီအနေနဲ့ CES 2018 ပွဲတွင် ပထမဆုံးသော Alexa-enabled AR နည်းပညာသုံးမျက်မှန်များကို ပွဲထုတ်မိတ်ဆက်ပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ သင်ပုံမှန် Alexa ကိုမေးနေကြအတိုင်း မေးခွန်းများမေးမြန်းနိုင်မှာဖြစ်ပြီး ရလဒ်အဖြေများကို မျက်မှန်မှတဆင့် ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ဥပမာ Alexa ကိုလမ်းညွှန်ပေးရန်မေးလိုက်ပါက သင့်တွင် Amazon Account ရှိနေသ၍ မျက်မှန်မှ AR မျက်နှာပြင်တွင် မြေပုံကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ “Alexa မှအသုံးပြုသူများအတွက် ယူဆောင်လာပေးသည့် နည်းပညာသစ်နှင့်ပတ်သက်ပြီ စိတ်လှုပ်ရှားမိကြောင်း ” ကုမ္ပဏီမှဆိုပါတယ်။

Voice Assistant နည်းပညာကိုလူအများထံဖွင့်ချပြပြီးနောက် Alexa အတွက် Amazon ၏အနာဂတ် ရည်မှန်းချက်ကို ယခုထုတ်ကုန်လေးမှ ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကပဲ Alexa အနေနဲ့ မိုက်ခရိုဝေ့ဗ်စက်ပစ္စည်းများ၊ လျှပ်စစ်ယာဉ်များကို ပြောဆိုနိုင်သည့်စွမ်းရည်လည်း ရရှိသွားခဲ့ပြီး နောက်ထပ်လည်း ပြုလုပ်နိုင်မည့်စွမ်းရည်များ တိုးလာဦးမှာပဲဖြစ်ပါတယ်။ အဆိုပါအွန်လိုင်းစီးပွားရေးကုမ္ပဏီမှ Bluetooth Headphone များ၊ လက်ဝတ်အီလက်ထရောနစ်ပစ္စည်းများကို Voice-Controlled Service အသုံးပြုနိုင်စေမည့် မိုဘိုင်းဖုန်း ဆက်စပ်ပစ္စည်းလေးတစ်ခုလည်း ထုတ်လုပ်ရောင်းချခဲ့သေးပါတယ်။

သင့်အနေနဲ့ အဆိုပါမျက်မှန်အားစိတ်ဝင်စားသည်ဆိုပါက ဒေါ်လာ၁၀၀၀ကျသင့်မှာဖြစ်ပါတယ်။ Vuzix ဥက္ကဌ ဖြစ်သူ Paul Travers ကတော့ “ဒေါ်လာ၁၀၀၀ဆိုတာ တော်တော်မြင့်တဲ့ဈေးနှုန်းမှန်းကျွန်တော်သိပါတယ်။ ဒါပေမယ့် ကုမ္ပဏီအနေနဲ့လည်း ၂၀၁၉ခုနှစ်တွင် ဒေါ်လာ ၅၀၀အောက်ဖြင့် ရောင်းချပေးနိုင်ရန် မျှော်လင့်ထားပါတယ်” ဟုပြောကြားခဲ့ပါတယ်။ “အနှေးနဲ့အမြန် လူတိုင်း Alexa-enabled မျက်မှန်သစ်လေးများနှင့် သွားလာနိုင်ကြတော့မှာပါ” ဟုသူယုံကြည်ကြောင်း ပြောဆိုခဲ့ပါသေးတယ်။