iOS စက်ပစ္စည်းအားလုံးနှင့် Mac များအားလုံး လုံခြုံရေး ကျိုးပေါက်မှု ပြဿနာရှိနေဟု Apple ထုတ်ပြန်

0
1606

ပြီးခဲ့တဲ့ ရက် က အသေးစိတ်ထုတ်ပြန်ချက်အရ အဆိုပါလုံခြုံရေးကျိုးပေါက်မှုပြဿနာဟာ Macbook များနှင့် iOS သုံးစက်ပစ္စည်းအားလုံးတွင် သက်ရောက်မှုရှိနေကြောင်းသိရပါတယ်။ သို့သော် Apple ကတော့သူ့ရဲ့ နောက်ဆုံးထွက် Software Update ကို Download ရယူမည်ဆိုပါက ထိုပြဿနာများထဲမှ တစ်ခုကိုတော့ ကာကွယ်နိုင်မည်ဟု ဆိုထားပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့ကပဲ သူ့ရဲ့ iPhone များ၊ ကွန်ပျူတာများနှင့် iPad များအားလုံးဟာ Meltdown နှင့် Spectre ဟုခေါ်ဆိုကြသော လုံခြုံရေးဆိုင်ရာကျိုးပေါက်မှုအသစ်နှစ်ခု ဖြစ်ပွားနေကြောင်း Apple မှထုတ်ပြန်ခဲ့ပါတယ်။ ထိုအချိန်ထိတော့ Apple Watch များတွင် Meltdown ဖြစ်ပွားခြင်းမရှိသေးကြောင်း ဆိုခဲ့ပြီး သောကြာနေ့မှာတော့ Spectre လည်းဖြစ်ပွားမှုမရှိကြောင်းထပ်လောင်းထုတ်ပြန်ခဲ့ပါတယ်။ Apple TV များကတော့ ကူးစက်ခံနေရပါပြီ။ သို့သော် Apple TV တွင်မည်သည့်မော်ဒယ်၌ကူးစက်ခံနေရကြောင်း ပြောဆိုသွားခြင်းမရှိပါဘူး။

“လက်ရှိအချိန်တွင် သုံးစွဲသူများကြားလုံခြုံရေးဆိုင်ရာချိုးဖောက်ခံရမှုမရှိသေး”ဟု Apple မှပြောကြားခဲ့ပြီး ထိုသို့လုံခြုံရေးကျိုးပေါက်မှုကို အခွင့်ကောင်းယူလိုသည့် ဟက်ကာတစ်ယောက်အတွက်တော့ အနည်းဆုံး Macbook တစ်လုံးတွင် သို့မဟုတ် iOS စက်ပစ္စည်းတစ်ခုပေါ်တွင် ဗိုင်းရပ် application တစ်ခုရှိနေဖို့လိုအပ်ပါသေးတယ်။ Apple ကတော့ ဖုန်းတွင်း Malware များမ၀င်ရောက်နိုင်စေရန် App Store ကဲ့သို့သောလုံခြုံစိတ်ချရသည့်နေရာမှ Software ကို Download ရယူရန်သာပြောကြားထားပါတယ်။

iOS 11.2 ၊ MacOS 10.13.2 နှင့် TVOS 11.2 တို့တွင် Meltdown ဖြစ်ပွားမှုကိုကာကွယ်နိုင်ခဲ့ပြီးဖြစ်ကြောင်း Apple မှပြောကြားခဲ့ပါတယ်။ လာမည့်နေ့များတွင် Spectra ဖြစ်ပွားမှုကိုကာကွယ်နိုင်ရန် သူ့ရဲ့ Safari Browser အတွက် တန်ပြန်ပြင်ဆင်မှုများထုတ်လွှင့်သွားမည်ဟု ဆိုပါသေးတယ်။

“ကျွန်တော်တို့အနေနဲ့ ဒီလိုပြဿနာတွေအတွက် နောက်ထပ်ကြိုတင်ကာကွယ်မှုတွေကို စမ်းသပ်ဖန်တီးနေပြီး လာမည့် iOS ၊ MacOS ၊ tvOS နှင့် watchOS များ၏ Update များတွင်ထည့်သွင်းပေးသွားမှာ ဖြစ်တယ်” ဟု Apple မှသူ့ရဲ့ Support ၀က်ဆိုက်စာမျက်နှာတွင် ထုတ်ပြန်ခဲ့ပါတယ်။

လွန်ခဲ့သည့် အင်္ဂါနေ့က ခေတ်သစ် Processor များတွင် အသစ်တွေ့ရှိရသည့်လုံခြုံရေးကျိုးပေါက်မှုဟာ သင့်ရဲ့ကွန်ပျူတာ သို့မဟုတ် ဖုန်းများကို တိုက်ခိုက်ခံရနိုင်စေတယ်လို့ သတင်းများထွက်လာခဲ့တာပါ။ ထို့နောက်  ဗုဒ္ဓဟူးနေ့တွင် သူတို့ရဲ့ Processor တွေဟာလုံခြုံရေးချိုးဖောက်ခံရပြီဖြစ်ကြောင်း Intel၊ Arm နှင့်အခြားသော လုပ်ငန်းစုများက အတည်ပြုပြောကြားခဲ့ပါတယ်။

Intel ဟာ Apple ၏ Macbook များအပါအ၀င်ကမ္ဘာတ၀န်းမှကွန်ပျူတာအများစုအတွက် Processor Chip များထုတ်လုပ်ပေးနေတာပဲဖြစ်ပါတယ်။ ထို့အပြင် Arm ကလည်း iPhone နှင့် iPad အတွက် Apple မှဒီဇိုင်းထုတ်ထားသည့် Chip များအပါအ၀င် အခြားသောမိုဘိုင်းဖုန်း Processor chip များအားလုံးနီးပါးကို ထုတ်လုပ်ပေးနေတာပဲဖြစ်ပါတယ်။

Google’s Project Zero အဖွဲ့ဝင်တစ်ဦးအပါအ၀င် များစွာသောသုတေသီများစွာဟာ Intel ၊ Arm နှင့်အခြားသော ကုမ္ပဏီများမှ Chip များတွင်အသုံးပြုသည့် ဒီဇိုင်းနည်းစနစ်ဟာ သင့်စက်ပစ္စည်း memory ထဲမှ သီးသန့်အရေးကြီးအချက်အလက်များကို ဟက်ကာများ ၀င်ရောက်ခိုးယူစေနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့တာပါ။ ထိုသို့ Processor တွင်ပြဿနာဖြစ်ပွားနေခြင်းမှာ ဆယ်စုနှစ်၂စုစာရှိနေပြီဖြစ်ပြီး ဟက်ကာများအနေနဲ့ password များ၊ Encryption Key များ နှင့်အရေးကြီးအချက်အလက်များကို ခိုးယူခွင့်ရသွားစေနိုင်ပါတယ်။

ထိုသို့လုံခြုံရေးဆိုင်ရာချိုးဖောက်ခံရမှုတွေဟာ Processor ထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုတည်း သို့မဟုတ် စက်ပစ္စည်းတစ်ခုတည်းတွင်သာ ဖြစ်ပွားခြင်းမဟုတ်ဘဲ ကွန်ပျူတာများ၊ ဖုန်းများနှင့် ဆာဗာများအားလုံးတွင် ကူးစက်ခံရခြင်းဖြစ်ပါတယ်။ နည်းပညာကုမ္ပဏီများကတော့ Web Browser များ၊ Operating System များ၊ Cloud-computing Service များနှင့် အခြားအရေးကြီးသည့်အရာများအတွက် Software Update များထုတ်လွှင့်ခြင်းဖြင့်သာ ထိုသို့ကူးစက်ခံရမှုများကို ကာကွယ်ဖို့ရန်ပြုလုပ်နေကြပါပြီ။

Intel ကတော့ လွန်ခဲ့သည့်ငါးနှစ်အတွင်းထုတ်လုပ်ခဲ့သည့် Processor များ၏ ၉၀ရာခိုင်နှုန်းအတွက် Update များကို လာမည်အပတ်အတွင်းထုတ်လွှင့်ပေးသွားဖို့မျှော်လင့်ကြောင်း ကြာသပတေးနေ့ကပြောကြားခဲ့ပါတယ်။ “အဲဒီ Update တွေဟာ ယခုလုံခြုံရေးကျိုးပေါက်မှုပြဿနာနှစ်ခုလုံးကို ကာကွယ်ပေးနိုင်မှာပါ” ဟု Intel မှပြောပါတယ်။