ဦးနှောက်လှိုင်းကိုဖတ်ရှုနိုင်မယ့် Nissan ရဲ့ ကားသစ်

0
1557

ကမ္ဘာ့အကြီးဆုံးကားထုတ်လုပ်သူတွေနဲ့ နည်းပညာ ကုမ္ပဏီတွေဟာ မောင်းနှင်ခြင်းအတွက် စဉ်းစားစရာမလိုအောင်ကို လုပ်ဆောင်ပေးနိုင်ဖို့ ဒေါ်လာဘီလျံပေါင်းများစွာ အသုံးပြုနေပါတယ်။ Nissan Motor Co. ကတော့ မတူညီတဲ့လမ်းကြောင်းတစ်ခုကို သွားနေပါတယ်။ သင့်ရဲ့စတီယာတိုင်ပေါ်တင်ထားတဲ့လက်တွေကို ပျော်စရာပိုကောင်းသွားအောင် ကြိုးစားခြင်းပါပဲ။

အဲဒီ ဂျပန်ကုမ္ပဏီဟာ “brain-to-vehicle” နည်းပညာကို နောက်တစ်ပတ် Las Vegas မှာ ကျင်းပမယ့် Comsumer Electronic Show မှာ စမ်းသပ်ပြသသွားမှာ ဖြစ်ပါတယ်။ “B2V” စနစ်ဟာ မောင်းနှင်သူအနေနဲ့ ဦးနှောက်လှိုင်းကိုတိုင်းတာပေးပြီးတော့ စတီယာတိုင်ကို ထိန်းချုပ်မယ့် ခေါင်းဆောင်းကို ၀တ်ဆင်ရမှာ ဖြစ်ပါတယ်။

မောင်းနှင်သူအနေနဲ့ ဘီးလှည့်တာ ဒါမှမဟုတ် ခြေနင်းတွေကို နင်းခြင်းတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကားကတော့ ဒီလှုပ်ရှားမှုတွေ မစတင်ခင် ၀.၂စက္ကန့်ကနေ ၀.၅ စက္ကန့်ပိုစောပြီးတော့ သိရှိနေမှာ ဖြစ်ပါတယ်လို့ Lucian Gheorghe ၊ Nissan ရဲ့ စီနီယာတီထွင်မှု သုတေသီက ရှင်းပြပါတယ်။ အစောပိုင်းတုံ့ပြန်မှုတွေကတော့ ကားမောင်းသူအနေနဲ့ မသဲမကွဲဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ ကိုယ်တိုင်ကားမောင်းခြင်းဟာ လူမှုအဖွဲ့အစည်းရဲ့ တန်ဖိုးတစ်ခုဖြစ်နေဆဲ အနာဂတ်တစ်ခုကို စိတ်ကူးကြည့်ပါတယ်” လို့ အသုံးချအာရုံကြောနည်းပညာမှာ ပါရဂူဘွဲ့ရထားတဲ့ Gheorghe က ပြောပါတယ်။ “ကားမောင်းတဲ့အချိန်မှာ ခံစားရတဲ့ခံစားမှုဟာ လူတွေအတွက် ဆုံးရှုံးသွားတာမျိုး မဖြစ်သင့်တဲ့အရာတစ်ခုပါ။”

ကားထုတ်လုပ်သူတွေကတော့ Alphabet Inc. ရဲ့ Waymo နဲ့ Appl Inc. လုပ်ဆောင်နေသလိုမျိုး အလိုအလျောက်မောင်း နည်းပညာတွေကို စမ်းသပ်နေပါတယ်။ IHS Markit ကတော့ ၂၀၃၅ခုနှစ်မှာ အလိုအလျောက်မောင်း ကားတွေ အစီးရေ ၂၁မီလျံ ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီပမာဏဟာ လက်ရှိကားအားလုံးရောင်းချနေရတဲ့ လေးပုံတစ်ပုံ ဖြစ်ပါတယ်။

ကြောင်တောင်တောင်နိုင်တဲ့ ခေါင်းဆောင်း

Toyota Motor Corp. နဲ့ BMW AG တို့အပါအ၀င် များစွာသောထုတ်လုပ်သူတွေဟာ ကွန်ပျူတာတွေကို အပြည့်အထိန်းချုပ်မှုမပေးသေးဘဲ ကားတွေကို မတူကွဲပြားစွာမောင်းနှင်နိုင်အောင်တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ Yokohama အခြေစိုက် Nissan ကတော့ ၂၀၂၂ မှာ အလိုအလျောက်မောင်းကားတွေကို မိတ်ဆက်ဖို့ စီစဉ်ထားပါတယ်။ ကားမောင်းသူရဲ့လှုပ်ရှားမှုတွေကို ခန့်မှန်းခြင်းအပြင် ခေါင်းဆောင်းလေးက အလိုအလျောက်မောင်းနေတဲ့အခါ သူတို့ရဲ့ အကြိုက်တွေ၊ အဆင်မပြေမှုတွေကို သိရှိနိုင်ပြီးတော့ ချိန်ညှိနိုင်အောင် စနစ်တွေကို ပြသပေးမယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ အလိုအလျောက်မောင်းကားတွေဟာ ခလုတ်တစ်ချက်နှိပ်လိုက်ရင် manual အနေနဲ့ မောင်းတဲ့ပုံစံကိုပဲ ရနိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့်လည်း Nissan ရဲ့ brain-to-vehicle လုပ်ဆောင်ဖို့ စိတ်ကူးရလာတာ ဖြစ်ပါတယ်။

“သင်မောင်းနှင်တာက ပိုကောင်းတယ်ထင်တာဖြစ်စ်ြစ် ကားကကိုယ့်စကားနားထောင်လာတယ်လို့ ထင်တာဖြစ်ဖြစ်၊ အတော်လေးတုံ့ပြန်နိုင်စွမ်းရှိတာကို ခံစားမိမှာပါ” လို့ အဲဒီစနစ်နဲ့ တစ်ရက်ကို ၁၅မိနစ်လောက် စမ်းသပ်နေတဲ့ Gheorghe က ပြောပြပါတယ်။

ဒီနည်းပညာဟာ အပြည့်အ၀ အလိုအလျောက်မောင်းနှင်နိုင်တဲ့ ကားတွေမှာလည်း ပါဝင်မှာဖြစ်ပြီးတော့ သူတို့ဟာ ၅နှစ်ကနေ ၁၀နှစ်အတွင်း အဆင်သင့်ဖြစ်လာနိုင်ပါတယ်။ နမူနာပုံစံငယ်ခေါင်းဆောင်းလေးကတော့ ဂိမ်းကစားနေတဲ့အချိန်မှာ ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာစမ်းသပ်မှုတွေမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Fairlay Z

ဦးနှောက်လှိုင်းစောင့်ကြည့်မှုတွေဟာ BHP Billiton Ltd. ဆိုတဲ့ ကမ္ဘာ့အကြီးဆုံးသတ္ထုတူးဖောက်တဲ့ ကုမ္ပဏီမှာ အသုံးပြုနေပါတယ်။ သူ့ရဲ့ထရပ်ကားမောင်းနှင်သူတွေဟာ မောပန်းနွမ်းလျနေပြီလားဆိုတာ စစ်ဆေးဖို့ ဖြစ်ပါတယ်။ ဦးထုပ်တွေထဲမှာ ၆လက်မအရှည်ရှိတဲ့ကြိုးလေးတွေကို ထည့်သွင်းပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Gheorghe ရဲ့ စိတ်အားထက်သန်မှုကတော့ သူ့အသက်၁၈နှစ်မှာ သူ့ကိုသူ့အဖေခေါ်သွားတဲ့ Nissan Fairlady Z မှာ ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကနေ ပေါက်ဖွားလာတာပါ။

“ကျွန်တော်တို့ လူမှုအသိုင်းအ၀ိုင်းကို အကျိုးပြုနိုင်ဖို့အတွက် နည်းလမ်းများစွာရှိပါတယ်။ ကျွန်တော်ကတော့ ဒီတစ်ခုကို ရွေးခဲ့ခြင်းဖြစ်ပါတယ်” လို့ Nissan မှာ ၁၂နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ Gheorghe ကဆိုပါတယ်။

အဲဒီခေါင်းဆောင်းဟာ မောင်းနှင်သူရဲ့စိတ်ကို ဖတ်ရှုခြင်းမဟုတ်ပါဘူးလို့ သူက ပြောဆိုခဲ့ပါတယ်။ ဦးနှောက်လှိုင်းတွေရဲ့ လှုပ်ရှားမှုတွေကို သိရှိပြီးတော့ နှစ်စက္ကန့်လောက်စောပြီး ခန့်မှန်းခြင်းသာ ဖြစ်ပါတယ်။

“ဒါဟာ အတွေးတွေကို ဖတ်ခြင်းမဟုတ်ပါဘူး။ သင့်ရဲ့ ခန္ဓာကိုယ်မလှုပ်ရှားခင်မှာ သင်လှုပ်ရှားတော့မယ်ဆိုတာ ကျွန်တော်တို့ သိခြင်းသာ ဖြစ်ပါတယ်။”

Toyota, Daimler

Nissan ဟာ CES မှာ သူ့ရဲ့ IMx လျှပ်စစ်ကားလေးကို အသုံးပြုပြီးတော့ ပြသမှာဖြစ်ပါတယ်။ Gheorghe ကတော့ အဲဒီကားလေးဟာ ဦးနှောက်နဲ့ချိတ်ဆက်မှုတွေလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ဆိုပါတယ်။ ပရိသတ်တွေဟာ မိနစ်အနည်းငယ်လောက် ဟိုင်းဝေးလမ်းမှာ မောင်းနှင်စမ်းသပ်နိုင်မှာ ဖြစ်ပါတယ်။

မကြာခင်နှစ်တွေတုန်းက CES မှာ AI နဲ့ စမတ်ကားတွေရဲ့ နည်းပညာကိုပြသထားတဲ့ အလိုလျောက်မောင်းနှင်စက်တွေ ပလူပျံနေခဲ့ပါတယ်။ မနှစ်က Toyota ဟာ သင့်ရဲ့စိတ်ခံစားမှုကို သိနိုင်တဲ့ concept ကို ပြသခဲ့ပြီး Daimler AG ကတော့ ဒရုန်းနဲ့ ချိတ်ဆက်ထားတဲ့ ဗန်ကိုပြသခဲ့ပြီး အဲဒီဗန်ကို ပစ္စည်းတွေ သယ်ပို့ရာမှာအသုံးပြုနိုင်တယ်လို့ သရုပ်ပြသွားပါတယ်။

Nissan ဟာ ၂၀၁၆ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၄.၄ဘီလျံလောက်သုံးစွဲခဲ့ပြီးတော့ Toyota နဲ့ Honda Motor Co. ထက် သုတေသနတွေနဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းတွေမှာ သာလွန်အောင် လုပ်ဆောင်ခဲ့တာပါ။

Nissan ကတော့ ကားတွေကိုဟိုင်းဝေးလမ်းတွေမှာ အလိုအလျောက်မောင်းနှင်နိုင်အောင် လုပ်ဆောင်ဖို့အတွက်စီစဉ်ထားပြီးတော့ မြို့လမ်းတွေနဲ့ လမ်းဖြတ်လေးတွေကိုလည်း လူရဲ့အကူအညီမပါဘဲ သိရှိပြီးမောင်းနှင်နိုင်အောင် ၂၀၂၀မှာ လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်။

“အလိုအလျောက်မောင်းနှင်ခြင်းမှာ သင်အိပ်နေဖို့နေရာတစ်ခု တည်ထောက်ပေးနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ခံစားမှုကောင်းကောင်းရရှိစေဖို့အတွက် လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။”