သင်ဟာ အလုပ်ချိန်မှာ ကိုယ်ရေးကိုယ်တာအတွက် အင်တာနက်သုံးသူတစ်ယောက်လား

0
1972

ဝန်ထမ်းရဲ့ ၄၅%သာလူတွေဟာ အလုပ်မှာ ကိုယ်ရေးကိုယ်တာအတွက်နဲ့ အင်တာနက်တွေ အသုံးပြုနေကြတယ်လို့ သိရပါတယ်။

အဲဒီလို အင်တာနက်စွဲနေတဲ့ အပြုအမူရှိတဲ့လူတွေဟာ လုံခြုံမှုရှိတဲ့ protocol တွေ အသုံးပြုဖို့ကိုလည်း သတိမထားတတ်၊ အရေးမစိုက်တတ်ကြပါဘူး။

အဖွဲ့အစည်းတွေအတွက် ဆိုင်ဘာလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အကြီးမားဆုံးအရာကတော့ အဖွဲ့အစည်းတွေရဲ့ အတွင်းပိုင်းကလာပါ။
ဝန်ထမ်းတွေဟာ သူတို့ရဲ့ password တွေကို မျှဝေခြင်း၊ အရေးပါတဲ့အချက်အလက်တွေကို ပို့ဆောင်တဲ့နေရာမှာ အများသုံး Wi-Fi အသုံးပြုခြင်း၊ ဒါမှမဟုတ် လူမှုကွန်ရက်အကောင့်တွေကို ကာကွယ်မထားခြင်း စတဲ့လုပ်ရပ်တွေနဲ့ ကုမ္ပဏီကို အန္တရာယ်ဖြစ်အောင် လုပ်ဆောင်လေ့ရှိကြပါတယ်။

ဒါပေမယ့် နောက်ထပ်ခြိမ်းခြောက်မှုတစ်ခုကတော့ cyberloafing လို့ ခေါ်တဲ့အရာတစ်ခုကြောင့် ဖြစ်ပါတယ်။ ဘာကိုဆိုလိုပါသလဲ။ အလုပ်အချိန်မှာ ကိုယ်ရေးကိုယ်တာအတွက် အင်တာနက်အသုံးပြုခြင်းကို ဘာသာပြန်နိုင်ပါတယ်။

အလုပ်ချိန်မှာ အလုပ်ကွန်ပျူတာနဲ့ ကိုယ်ရေးကိုယ်တာအတွက် အင်တာနက်အသုံးပြုခြင်းဟာ အလွန်အကျူးဖြစ်လာရင် ကုမ္ပဏီအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမလားဆိုတာကို လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကုမ္ပဏီအများစုကတော့ သူ့ရဲ့ဝန်ထမ်းတွေကို လူမှုကွန်ရက် ဒါမှမဟုတ် အီးမေးလ်အကောင့်တွေ စစ်တာမျိုးလောက်ကို ခွင့်ပြုပေးထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့ကိုယ်ပိုင်ဝက်ဘ်ဆိုက်ကို ပြင်ဆင်ဖို့ အချိန်ယူတာမျိုး၊ ဗွီဒီယိုကြည့်တာမျိုး၊ အဆိုးဆုံးကတော့ အပြာကားကြည့်တာမျိုးတွေအတွက် အလွန်အကျူးဖြစ်လာပြီဆိုရင်တော့ မကောင်းတော့ပါဘူး။

အစောပိုင်းခန့်မှန်းချက်တွေအရ ၄၅%သောဝန်ထမ်းတွေဟာ အလုပ်ချိန်မှာ ကိုယ်ရေးကိုယ်တာအတွက် အင်တာနက်အသုံးပြုခြင်းကြောင့် စိတ်ပျံ့လွင့်နေရတာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါဟာ ကုမ္ပဏီရဲ့ထုတ်ကုန်စွမ်းရည်တွေကို အတော်လေးအကျိုးသက်ရောက်ပါတယ် ။ သုတေသနတွေအရ တစ်ရက်ကို ၂.၀၉နာရီလောက် ၀န်ထမ်းတွေက အချိန်ဖြုန်းနေတတ်တယ်လို့ ဆိုပါတယ်။

လေ့လာမှုအသစ်ရဲ့အဆိုအရတော့ ၀န်ထမ်းတွေဟာ အခုလိုလုပ်ရပ်ကို အတော်လေးလုပ်ဆောင်နေကြပြီးတော့ လုပ်ငန်းရဲ့ စနစ်တွေကို ကာကွယ်ပေးထားတဲ့ protocols နဲ့ ပတ်သတ်လို့လည်း အရေးတယူမရှိကြဘူးလို့ ပြောပါတယ်။ ဒါကြောင့် သူတို့ဟာ ဆိုက်ဘာလုံခြုံရေးအတွက် ခြိမ်းခြောက်မှုကြီး ဖြစ်လာပါတယ်။ အသက် ၂၆ ကနေ ၆၅နှစ်အထိ အချိန်ပိုင်းနဲ့ အချိန်ပြည့်အလုပ်သမား ၃၃၈ ယောက်ကို သူတို့ရဲ့ သုံးစွဲပုံအလေ့အအထ၊ သတင်းအချက်အလက်လုံခြုံမှုအကြောင်း၊ အင်တာနက်စွဲခြင်းရဲ့ အပြုအမူတွေနဲ့ ပတ်သတ်ပြီးတော့ မေးမြန်းခဲ့ပါတယ်။

ဒီလိုcyberloaf များများလုပ်တဲ့သူတွေဟာ သတင်းအချက်အလက်လုံခြုံမှုအကြောင်း သိတာနည်းတယ်လို့ တွေ့ရပါတယ်။ cyberloafing များများစားစား လုပ်သူတွေဟာ ဆိုက်ဘာလုံခြုံရေးကို သတိမထား ဂရုမစိုက်ဘူးလို့ သိရပါတယ်။

များသောအားဖြင့် cyberloafing လုပ်သူတွေဟာ အွန်လိုင်းပေါ်မှာ လုံခြုံအောင် ဘယ်လိုနေရမလဲဆိုတာ သိရှိမှုနည်းပါးပြီးတော့ ထိခိုက်လွယ်တဲ့သတင်းအချက်အလက်တွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာလည်း မသိကြပါဘူး။ အကြောင်းရင်းကတော့ သူတို့ရဲ့ဦးတည်ချက်ဟာ အင်တာနက်ပေါ်မှာရှိနေဖို့သာဖြစ်ပြီး အွန်လိုင်းလုံခြုံမှုနဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို လျစ်လျူရှုထားတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သူတို့ရဲ့ ကုမ္ပဏီဟာ သူတို့ဘာသာ ကာကွယ်ထားလိမ့်မယ် ငါတို့နဲ့ မဆိုင်ဘူးလို့ တွေးထားကြပါတယ်။

လေ့လာမှုတွေအရ အင်တာနက်စွဲသူတွေအနေနဲ့ လုံခြုံရေး protocol တွေကို လိုက်နာဖို့ သိရှိမှု နည်းပါးကြတာကို တွေ့ရပါတယ်။ သူတို့ဟာ လုပ်ငန်းအတွက် ခြိမ်းခြောက်မှုကြီးတွေ ဖြစ်ကြပါတယ်။

ဒီလိုအင်တာနက်စွဲခြင်းကနေ အခြားသော ဒီဂျစ်တယ်လုပ်ဆောင်မှုတွေဖြစ်တဲ့ အွန်လိုင်းလောင်းကစား၊ ဈေးဝယ်ခြင်း စတာတွေကိုလည်း ကူးပြောင်းသွားနိုင်ပါတယ်။ အင်တာနက်ဟာ တချို့လူတွေအတွက် ဆေးစွဲသလိုကို စွဲနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘယ်လိုပဲဖြစ်နေနေ အသုံးပြုရဖို့က အဓိကကျနေတာမို့ လုံခြုံရေးတွေဘာတွေ မစဉ်းစားနိုင်တော့ပါဘူး။

သူတို့အနေနဲ့ အွန်လိုင်းမှာ အချိန်အတော်ကြာနေတဲ့သူတွေမို့ ပိုသိတယ်လို့ ခံစားကြပါတယ်။ ဒါမှမဟုတ်လည်း သူတို့အွန်လိုင်းလောကမှာ နစ်မြှုပ်နေတာမို့ ဖြစ်လာမယ့် အန္တရာယ်ကို အပြည့်အ၀နားမလည်တာလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ၀န်ထမ်းတွေကိုပေးထားတဲ့ အင်တာနက်ကို သိမ်းဖို့ ပြောနေတာမဟုတ်ပါဘူး။ အင်တာနက်သုံးပြီး လုပ်ဆောင်နေရတဲ့သူတွေကို ထိခိုက်သွားစေနိုင်ပါတယ်။ ဒါပေမယ့် အင်တာနက်အလွန်အကျွံသုံးစွဲမှုကတော့ အန္တရာယ်ကျရောက်စေနိုင်ပါတယ်။ အန္တရာယ်များတဲ့ ၀က်ဘ်ဆိုက်တွေကို အသုံးပြုခြင်း၊ တင်တဲ့သူမသေချာသော ပရိုဂရမ်တွေကို ဒေါင်းလုတ်ဆွဲခြင်းတွေက အတော်လေး အန္တရာယ်များပါတယ်။

ကုမ္ပဏီတွေ ဘာလုပ်ရမလဲ

ဒီလိုမျိုးတွေ တွေ့ကြုံနေရတဲ့လုပ်ငန်းတွေအနေနဲ့ ဘယ်လိုလုပ်ဆောင်သင့်သလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

ဒီလိုစည်းမျဉ်းချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်သတ်မှတ်ထားသင့်ပါတယ်။
ဒါပေမယ့် ၀န်ထမ်းတွေကို အင်တာနက်အသုံးပြုတဲ့နေရာမှာ အလွဲသုံးစားပြုခြင်း၊ လုံခြုံရေး tool တွေကို ဘယ်လိုအသုံးပြုရမလဲ၊ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေက ဘယ်လိုရှိတယ် ဆိုတာကို ပညာပေးဖို့ လိုပါတယ်။ ဒါပေမယ့် အီးမေးလ်နဲ့ ပို့တာလောက်တော့ မလုပ်သင့်ပါဘူး။ သုတေသနတွေအရ ဒီလိုလုပ်ခြင်းဟာ မထိရောက်ဘူးလို့ သိရပါတယ်။ သင့်ဝန်ထမ်းတွေကလည်း အီးမေးလ်တစ်စောင်ရောက်နေတာကို အခြားအီးမေးလ်တွေနဲ့ ရောပြီးမြင်ချင်မှမြင်မှာပါ။ ဒါကြောင့် သင်တန်းပေးတာမျိုး၊ ဆွေးနွေးတဲ့ပုံစံမျိုး လုပ်သင့်ပါတယ်။